၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ ၂၁ ရက်နေ့အတွင်း ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ၃ ပတ်အတွင်း စစ်ကောင်စီဗုံးကြောင့် ၂၆ ဦးအထိ ပြင်းဒဏ်ရာများ ရရှိခဲ့သလို နေအိမ်အများအပြားလည်း ပျက်စီးခဲ့ရကြောင်း တအောင်းတပ် TNLA က နိုဝင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ၃ နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်က ကုန်းကြီးကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲချရာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဝင်းအတွင်းရှိ အသက် ၂၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသား ၂ ဉီးထိမှန်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ယင်းနေ့ ညသန်းခေါင်ယံ ၁၂ နာရီ အချိန်တွင်လည်း နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ဗုံးလာရောက်ကြဲချရာ ကျေးရွာအတွင်းသို့ ပေါင် ၅၀၀ ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသား ၁ ဦး ထိမှန်သေဆုံးကာ ၃ ဦး ထိခိုက်ဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ကြောင်း TNLA က ဆိုသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရေးအတွက် စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က သတိပေးထားသည်။
#WesternNews #WN #စစ်ကောင်စီ #ဗုံးကြဲတိုက်ခိုက်ခံရ #TNLA #တအောင်းဒေသ #အရပ်သားသေဆုံး #နေအိမ်များမီးလောင်ပျက်စီး