စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ၌ မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး အရပ်သား ၁၀ ဦးကိုဖမ်းဆီး၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်က ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာတွင် မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်သားများ အင်အား အလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီး မင်္ဂလာပွဲကို ဖျက် ဆီးခဲ့ကြောင်း ဖြစ်ကြောင်း သိရသည်။
ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းမှ ပျူစောထီးခေါင်းဆောင် အောင်သာခိုင် ဦးဆောင်သော အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီ စစ်သားနှင့် ပျူစောထီးများက ဝင်ရောက်စီးနင်းပြီး မင်္ဂလာဆောင်ပွဲအတွင်းမှ ထွက်ပြေးနိုင်ခြင်းမရှိသည့် အရပ်သား ၁၀ ဦး ဖမ်းဆီးခဲ့သည်။
ဒေသခံတစ်ဦးက “မင်္ဂလာဆောင်ပွဲကျင်းပနေတုန်း စစ်သားတွေေ ပျူတွေခေါ်ပြီးဝင်လာတာ မင်္ဂလာဆောင်ပွဲအတွက် ချက်ပြုတ်ထားတဲ့ ထမင်းဟင်းတွေကိုလည်း ယူသွားတယ်။ ထွက်မပြေးနိုင်တဲ့ ပြည်သူ ၁၀ ဦးကို လည်းဖမ်းသွားတယ်။ နေအိမ်တွေလည်း မီးရှို့သွားတာ ၁၀ လုံးကျော်ရှိတယ် “ဟုပြောသည်။
ဇီးဖြူကုန်းပျူစောထီးစခန်း၌ နေထိုင်သူ နှမစားရစ်ရွာသား ပျူစောထီးခေါင်းဆောင် အောင်သာခိုင်သည် ကျေးရွာနေပြည်သူများအပေါ်ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းလုပ်ဆောင်နေပြီး ယခု ဖမ်းဆီးသွားသော အရပ်သား ၁၀ ဦးကိုလည်း ရိုက်နှက် နှိပ်စက်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
နောက်ထပ် ဒေသခံတစ်ဦးက “နှမစားရစ်ရွာက ဇီးဖြူကုန်းပျူစခန်းနဲ့ဆိုရင် ၁ မိုင်ကျောက်ပဲဝေးတယ်။ နှမစာရစ်ရွာသား အောင်သာ ခိုင်က ဇီးဖြူကုန်းစခန်းမှာနေပြီး ပျူခေါင်းဆောင်လုပ်နေတာ နှမစားရစ်ရွာကို မကြာခဏလာတယ်”ဟုပြောသည်။
နှမစားရစ်ကျေးရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး ၂၀၂၂ ခုနှစ်က စစ်ကောင်စီ စစ်သားများ မီးရှို့မှုကြောင့် ရွာလုံးထွက်ပြေးတိမ်းရှောင်နေရကာ ယခုနှစ်တွင် ပြည်သူအချို့မှ ကျေးရွာအတွင်း ပြန် လည်ဝင်ရောက် နေထိုင်ကြခြင်ဖြစ်သည်။