ရခိုင်ပြည် တောင်ကုတ်မြို့နယ်မှ စစ်ရှောင် ဒေသခံများကို စစ်ကောင်စီတပ်က ဖမ်းဆီးထားခဲ့ရာတွင် ၄၀ ဦးကို ပြန်လည်လွတ်ပေးခဲ့သော်လည်း ၅ ဦးကို ဆက်လက် ဖမ်းဆီးထားကြောင်း ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။
အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေသော တောင်ကုတ်မြို့နယ်အတွင်း ပိတ်မိနေသည့် ဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးရာတွင် နိုဝင်ဘာ ၁၃ ရက်နေ့ ညပိုင်းတွင် ရိုးတောင်အလွန် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
၎င်းတို့မှာ ရိုးတောင်အလွန် ဥသျှစ်ပင်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး ဥသျှစ်ပင် ရဲစခန်းတွင် တစ်ညတာ ဖမ်းဆီး စစ်ဆေးခံခဲ့ရပြီးနောက် ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၁၀နာရီခန့်က ပြန်လည် လွတ်မြောက်လာကြောင်း တောင်ကုတ် ဒေသခံတစ်ဦးက Western News ကို ပြောသည်။
“တောင်ကုတ်မှာ တိုက်ပွဲ အရမ်းပြင်းနေတော့ ဒေသခံတွေ တော်တော်များ မြို့ပေါ်က အလုံးအရင်းနဲ့ ထွက်ပြေးကြတယ်။ တော်တော်များများ ရိုးတောင်ကို ဖြတ်ကျော်ပြီးတော့ တောလမ်းကနေ ဖြတ်ရတာပါ။ အဲ့ဒီမှာ ရိုးအကျော် – ညောင်းကြီးအနား- ဥသျှစ်ပင်မှာ မနေ့ညက ဖမ်းဆီးခံခဲ့ရတာပါ။ ၄၀ ကျော်လောက်ကို ဒီနေ့ မနက်ပိုင်းက ပြန်လွတ်ပေးတယ်။ ဒါပေမယ့် ၅ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ် “ဟုပြောသည်။
တိုက်ပွဲကြောင့် တောင်ကုတ်မြို့နယ်က ဒေသခံများသည် တောင်ကုတ်ကနေ တစ်ဆင့် ရိုးတောင်အား ခြေကျင်းလမ်းလျှောက်၍ စစ်ရှောင်ရခြင်းဖြစ်ပြီး လမ်းခရီးတွင် ၁၀ ရက်ခန့်ကြာမြင့်ခဲ့ကြောင်း ပြန်လည် လွတ်မြောက်လာသူများက ပြောသည်။
ယခုလွတ်မြောက်လာသူများထဲတွင် ကလေးသူငယ်များနှင့် အမျိုးသမီးများ၊ သက်ကြီးပိုင်းများ ပါဝင်ပြီး လမ်းခရီးတွင် အစာရေစာ ပြတ်လပ်မှုများနှင့် ကြုံခဲ့ရကြောင်း လွတ်မြောက်လာသူတစ်ချို့က ဖွင့်ဟ ပြောဆိုသည်။
အဆိုပါ လက်ရှိ ပြန်မလွတ်သေးဘဲ ဖမ်းဆီးခံထားရသည့် လူငယ် ၅ဦး၏ အမည်၊ အသက်၊ နေရပ်များကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပြီး ၎င်းတို့အားလုံးကို ဥသျှစ်ပင် ရဲစခန်းတွင် ဖမ်းဆီး ထိနးသိမ်းထားကြောင်း Western News က သိရှိထားသည်။
ပြန်လွတ်လာသူထဲမှ အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက “၅ယောက်ကတော့ အချုပ်ခန်းမှာ ရှိနေတယ်။ ပြန်မလွတ်သေးဘူး။ သူတို့လည်း တောင်ကုတ်ဖက်က စစ်ရှောင်ပြီး ထွက်ပြေးလာကြတာပါ။ ညီမတို့ မသိတာတွေက ဒီအရေအတွက်ထက်လည်း များနိုင်တယ်။ ဖမ်းဆီးခံထားရတဲ့ သူတွေအတွက် စိုးရိမ်မိတယ်။ အဲ့ဒီအထဲက တစ်ချို့ဆိုရင် စခန်းထဲမှာ လနဲ့ချီကြပြီးလို့ သိရတယ်”ဟုပြောသည်။
နှစ်ဖက်တိုက်ပွဲကြောင့် တောင်ကုတ်မြို့အတွင်းမှာ လူဦးရေ ၅ သောင်းကနေ ၇ သောင်းအထိ ရှိနိုင်ပြီး တစ်ချို့ မြို့ကနေ ထွက်မရောက်တော့ဘဲ ပိတ်မိနေကာ မြို့ခံတစ်ချို့မှာ ဘေးလွတ်ရာနေရာများနှင့် ဘာသာရေး အဆောက်အဦးများတွင် နေထိုင်နေရကြောင်း သိရသည်။
တောင်ကုတ်မြို့ထဲက လူနေအိမ်အချို့မှာ စစ်ကောင်စီဗုံးကြဲမှုကြောင့် မီးလောင်ပျက်စီးဆုံးရှုံးမှု ရှိသလို မြို့အတွင်း နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သားများ နေ့စဉ်သေဆုံးမှုများ မြင့်တက်နေကြောင်း သိရသည်။