Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်ကောင်စီတပ်ဖွဲ့ဝင်များ နောက်ဆုံးရှိရာ တပ်မဌာနချုပ်နှင့် တောင်ကုတ်မြို့တွင်း နေရာအချို့အား (ပုံဟောင်းများ) တွေ့ရစဉ်။ (ဓါတ်ပုံ - CJ)

(စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် တောင်ကုတ်မြို့ထဲနေအိမ် အများအပြား ပျက်စီး)

ရခိုင်ပြည် တောင်ကုတ်မြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ဆင်နွှဲနေပြီး စကခ ၅ တပ်မနှင့် တပ်ရင်းနှစ်ခုက လွဲပြီး တောင်ကုတ်မြို့ထဲက စစ်ကောင်စီတပ်စခန်းများ၊ အမြောက်စခန်းများကို ထိန်းချုပ်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

တောင်ကုတ်မြို့နှင့် စကခ ၅ တပ်မကို အဓိက ကာရံထားသော ပန်းမြောက်တောင် အမြောက်စခန်း၊ သဲခံတောင် အမြောက်စန်း၊ တက္ကသိုလ်မောင်းတံဂိတ်၊ တောင်ကုတ်တက္ကသိုလ် အမြောက်စခန်း၊ ဆီးကိုင်တောင် (နတ်မော်) တပ်စခန်း၊ အာလိန်ငါးဆင့်ကျောင်းတိုက် တပ်စခန်းနှင့် ဖုံညိုစစ်ရေးဂိတ်တို့ကို AA က နိုဝင်ဘာလ အစောပိုင်းတွင် ထိန်းချုပ်ပြီးနောက် တောင်ကုတ်မြို့ထဲသို့ ဝင်ရောက်ထိုးစစ်ဆင်ခဲ့သည်။

အဆိုပါ တပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တောင်ကုတ်မြို့ထဲရှိ ကိုင်းရှည်တံတား ဂိတ်၊ စည်ပင်ရုံး၊ KBZ ဘဏ်၊ အထက (၁) စာသင်ကျောင်း၊ မင်းမင်းရတနာရွှေဆိုင်၊ ဦးထွန်းကြွယ်တိုက်၊ တောင်ကုတ်ဟိုတယ်၊ ဂူတာကျောင်း၊ ကုတင် ၁၀၀ ဆေးရုံနှင့် ရဲစခန်းတို့ကို ဆုတ်ခွာပြီး ထပ်မံ နေရာယူကာ AA ထိုးစစ်အား ခုခံတိုက်ခိုက်ခဲ့သည်။

သို့သော်လည်း အာရက္ခတပ်တော် AA ၏ ဘက်ပေါင်းစုံထိုးစစ်ကို မခုခံနိုင်ခြင်းနှင့် စစ်ကောင်စီကလည်း စစ်ကူအင်အား မပေးပို့နိုင်ခြင်းတို့ကြောင့် မြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးမှာ တပ်မ စကခ ၅ နှင့် ခမရ ၅၄၄, ၃၄၆ တပ်ရင်းသို့ ဆုတ်ခွာသွားပြီဟု သိရသည်။

” တောင်ကုတ် တက္ကသိုလ် အပါအဝင် မြို့ထဲက တပ်စခန်းတွေ၊ အမြောက်စခန်းတွေကို AA က ထိန်းချုပ်လိုက်ပြီလို့ ပြောလို့ရပါတယ်။ တချို့ တပ်စခန်းတွေက တပ်မဘက်သို့ ဆုတ်ခွာသွားပါတယ်။ တပ်မ စကခ ၅ နဲ့ ခမရ ၅၄၄ ၊ ခမရ ၃၄၆ တို့ဆိုတာက ကပ်လျှက်ပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ထဲမှာ မရှိသလောက်ဖြစ်သွားပါပြီ။ အားလုံး တပ်မထဲမှာ စုပြုံပြီး AA ရဲ့ ထိုးစစ်တွေကို ခုခံနေပါတယ်” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီကလည်း လေကြောင်းပစ်ကူက လွဲပြီး မြေပြင်တပ်စခန်းများကို စစ်ကူအင်အား ပေးပို့နိုင်ခြင်းမရှိကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ပြေးပေါက်မရှိဘဲ ပိတ်မိနေကြကြောင်း သိရသည်။

“တောင်ကုတ်မှာ ကျန်နေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်မထဲမှာ ပိတ်မိနေကြပါပြီ။ စစ်ကောင်စီကလည်း လေကြောင်းပစ်ကူကလွဲပြီး တပ်ကူအင်အားနဲ့ ရိက္ခာတွေ မပေးပို့နိုင်ဘူး။ ထွက်ပြေးဖို့ကလည်း ပြေးပေါက်မရှိတော့ဘူး။ AA က အားလုံးကို ပိတ်ဆို့ထားတယ်။ လက်နက်ချ အညံ့ခံရုံအပြင် မရှိတော့ဘူး။ စစ်ကောင်စီကတော့ တောင်ကုတ်မြို့ထဲကို လေကြောင်းပစ်တာ နေအိမ်တွေ အများအပြားမီးလောင် ဆုံးရှုံးသွားပါပြီ။ အထူးသဖြင့် သိမ်တောင်ရပ်ကွက်မှာ နေအိမ်တွေ မရှိသလောက်ဖြစ်သွားပြီ” ဟု ပြောသည်။

တောင်ကုတ်မြို့ထဲတွင် ပိတ်မိနေသော အရပ်သားပြည်သူ ၆ သောင်းကျော်မှာလည်း ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးသတင်းအရ မြို့ထဲ မရှိသလောက်ဖြစ်သွားပြီဟု သတင်းရင်းမြစ်က ဆိုသည်။

“တောင်ကုတ်မြို့ထဲမှာ ပြည်သူတွေ မရှိတော့ပါဘူး။ ပြီးခဲ့တဲ့အပတ်ကနေ ပိတ်မိနေတဲ့သူတွေကို AA က မြို့ထဲက ထွက်ခွာပြုလိုက်ပြီလေ။ တချို့က ဘေးကင်းရာကို သွားကြတယ်။ တချို့က ဥသျှစ်ပင်ဘက်ကနေ ရန်ကုန်ကို သွားကြတာရှိတယ်။ မြို့ထဲမှာ မရှိသလောက်ဖြစ်သွား တာကတော့ သေချာပါတယ်” ဟု ပြောသည်။

တောင်ကုတ်မြို့ရှိ စကခ ၅ တပ်မနှင့် ခမရ ၅၄၄ တပ်ရင်း၊ ခမရ ၃၄၆ တပ်ရင်းတို့မှာ နောက်ဆုံးကျန်ရှိနေသေးသည့် တပ်မိသားစုအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ၅၀၀ ခန့်သာ ရှိနိုင်တော့ကြောင်း သတင်းရင်းမြစ်များက ပြောဆိုကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ