မနက်ဖြန် နိုဝင်ဘာလ ၂၆ ရက်နေ့စပြီး စစ်ရေးအခြေအနေများကြောင့် မန္တလေးတိုင်းဒေသ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း စသည့် လမ်းပိုင်းများအား သွားလာမှု ယာယီကန့်သတ်သွားမည်ဟု မန္တလေး PDF က ထုတ်ပြန်သည်။
မန္တလေး PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး) အနေဖြင့် စစ်ရေးအခြေအနေများကြောင့် ပြည်သူများထိခိုက်မှု နည်းစေရန် ထိန်းချုပ်ဒေသက လမ်းပိုင်းအချို့ကို သွားလာမှုယာယီကန့်သတ်လိုက်ခြင်းဖြစ်သည်။
ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ထိန်းချုပ်စိုးမိုးဒေသများတွင် မြန်မာစစ်တပ်၏ ထုတ်ကုန် ပစ္စည်းများကို တင်သွင်းခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် အသုံးပြုခြင်းများကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ကြောင်းလည်း ဆိုသည်။
အကယ်၍ ဖောက်ဖျက်ကျူးလွန်မှုများ စိစစ်တွေ့ရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေး PDF က ထုတ်ပြန် အသိပေးထားသည်။
နောက်ထပ် တစ်စုံတစ်ရာ ထုတ်ပြန်မှု မပြုလုပ်မချင်း ယခုကြေညာချက်သည် အတည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။