တရုတ်အစိုးရ၏ နယ်စပ်တည်ငြိမ်ရေး၊ တိုက်ပွဲရပ်စဲရေး ကြိုးပမ်းမှုနှင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထား၍ နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်မှု တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း တအာင်းတပ် TNLA က သတင်းထုတ်ပြန်သည်။
နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသော တိုက်ပွဲများတွင် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြင်းထန်သည့် တိုက်ပွဲကြောင့် စစ်ဘေးဒဏ်ဆိုးရွားစွာ ခံစားနေရသည့် ဒေသပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထား၍ သော်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြားဝင်ကြိုးပမ်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ သော်လည်းကောင်း တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA က ဆိုသည်။
စစ်ရေးပဋိပက္ခများကို အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေ တည် ဆောက်ရန်အတွက် တရုတ်၏ ကြားဝင်စေ့စပ်မှုကို အပြုသဘောဆောင် ကောင်း ကျိုးရှိသည့်အမြင်ဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပြီး ကောင်းမွန်သည့် ရလဒ်များရရှိစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း TNLA က ပြောသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစတင်၍ တအာင်းဒေသအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာသည်မှာ နှစ်ပတ်လည်လာခဲ့ပြီဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်စခန်းများ၊ စစ်ကြောင်းများကို တအောင်းဒေသ မြို့ရွာ နယ်မြေ ဒေသများတွင် ကင်းစင်အောင် ဖယ်ရှားတိုက်ထုတ်နိုင်ခဲ့ပြီဖြစ်သော်လည်း မြန်မာစစ်တပ်က ပြည်သူကို ဦးတည်ပစ်မှတ်ထားကာ လေကြောင်းဖြင့် တိုက်ခိုက်နေသဖြင့် အပြစ်မဲ့ ပြည်သူလူထု စစ်ဘေးဒဏ်ပေါင်းစုံ ဆိုးရွားပြင်းထန်စွာ ခံစားနေရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
တအာင်းလူမျိုးများ အဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရန်၊ တအာင်းပြည်နယ်ရရှိရန်၊ လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တိုင်းရင်းသား မြန်မာပြည်သူများနှင့်အတူတကွ တည် ဆောက်ရန် အမြဲတစေ ကြိုးပမ်းဆောင်ရွက်မည်ဟု TNLA က ဆိုသည်။
ပြည်သူကို ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အခွင့်အရေးကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရေး တွေ့ဆုံဆွေးနွေးအဖြေရှာရန် TNLA က အဆင်သင့်ရှိကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။
စစ်ကောင်စီကမူ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် အာရက္ခတပ်တော် (AA) အဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ကြောင်း ယခုနှစ် စက်တင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီ၏ သတ်မှတ်ချက်ကို ကန့်ကွက်ထားပြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာစစ်တပ်သည်သာ (စစ်ကောင်စီ) အကြမ်းဖက်အဖွဲ့/အုပ်စု ဖြစ်ကြောင်း ပြန်လည်ပြောဆိုထားကြသည်။