အာရက္ခတပ်တော် AA ကို တိုက်ခိုက်နေသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များမှာ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများထဲက တပ်သား ၅၀၀၀ အထိကို စုဆောင်းထားပြီးပြီဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
မွတ်ဆလင်ဒုက္ခသည်စခန်းများသည် မွတ်ဆလင်စစ်သား မွေးထုတ်ပေးရာ နေရာဖြစ်နေကြောင်းနှင့် အချို့မှာ အတင်းအဓမ္မခေါ်ယူခံရပြီး အသက် ၁၃ နှစ်သာ ရှိသေးသော ကလေးငယ်များမှာလည်း တပ်သားအဖြစ် စုဆောင်းခံရကြောင်း ရိုက်တာသတင်းက အတိအလင်းဖော်ပြထားသည်။
ရိုက်တာ၏ သတင်းအစီရင်ခံစာအရ မွတ်ဆလင်လက်နက်ကိုင်များ၏ အဓိက ရန်သူမှာ အာရက္ခတပ်တော် AA ဖြစ်ပြီး မြန်မာစစ်တပ်မဟုတ်ကြောင်းဟု မွတ်ဆလင်တပ်သားတစ်ဦးက ပြောဆိုထားသည်ကို တွေ့ရသည်။
ရိုက်တာသတင်းဌာန သည် ဒုက္ခသည်ကူညီရေးအဖွဲ့အစည်းများ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၏ အစီရင်ခံစာများကို သုံးသပ်ခဲ့သလို လူ ၁၈ ဦးကိုလည်း အင်တာဗျူး မေးမြန်းကာ ယခုကဲ့သို့ ထပ်မံ သတင်းအစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အာရက္ခတပ်တော် AA ကို စစ်ကောင်စီတပ်သားနှင့်အတူ တိုက်ခိုက်ခဲ့သော မွတ်ဆလင်တပ်သားများကို စစ်ကောင်စီက နိုင်ငံသားစာရွက်စာတမ်းပေးအပ်ခြင်း၊ ငွေသားပေးအပ်ခြင်းနှင့် အခြေခံစစ်သင်တန်းပေးအပ်ခဲ့သည်ဟု ရိုက်တာက ဖော်ပြသည်။
မွတ်ဆလင်တပ်သားအချို့မှာ AA ကို တိုက်ခိုက်ရင်း မြန်မာစစ်သားနှင့်အတူ တစ်ခန်းတည်း၊ တစ်နေရာထဲ နေထိုင်ခဲ့ရကြောင်း ရိုက်တာကို ပြောဆိုထားကြသည်။
ဘူးသီးတောင်၊ မောင်တောဒေသမှာ လှုပ်ရှားနေသော မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များဖြစ်သည့် RSO, ARSA, ARA တို့ကို အာရက္ခတပ်တော် AA သည် စစ်ကောင်စီကဲ့သို့ ရှင်းလင်းနေရကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာလ ၁၉ ရက်နေ့ကစပြီး မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များဖြင့် စတင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ARSA ၏ တပ်စခန်း ၄ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။
မေယုတောင်တန်းပေါ်တွင် စစ်သွေးကြွမွတ်ဆလင် လက်နက်ကိုင်အဖွဲ့ ARSA, RSO, ARA တို့သည် အခိုင်အမာတပ်စွဲ ပုန်းခိုလျှက်ရှိပြီး မွတ်ဆလင်ပြည်သူများအပါအဝင် ဒေသခံပြည်သူများအပေါ်မှာ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတို့ကို ကျူးလွန်နေကြကြောင်း AA က ပြောဆိုထားသည်။
မွတ်ဆလင်များ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုဝင်ဘာလ ၂၃ ရက်နေ့က BISS မှာ ဆွေးနွေးအဖြေရှာခဲ့ကြရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးက AA ကို လျစ်လျူမရှုရန် ၎င်း၏ အစိုးရအဖွဲ့ကို တိုက်တွန်းထားသည်။
မွတ်ဆလင်များကို နေရပ်ပြန်ပို့နိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မြန်မာအစိုးရတို့ကြား သဘောတူညီမှု ပြုလုပ်ခဲ့ကြသည်။
သို့သော်လည်း လက်ရှိ ၈ နှစ်ကြာလာသည်အထိ နှစ်နိုင်ငံအနေဖြင့် သဘောတူညီချက်များကို ပြည့်ပြည့်ဝဝ အကောင်အထည်မဖော်နိုင်သေးကြ၍ အာရက္ခတပ်တော် AA ကို ဆွေးနွေးပွဲသို့ ထည့်သွင်းလာခြင်းဖြစ်သည်။