Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သို့ စစ်ကူသွားသည့် စစ်ကားများကို လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကွေးတိုင်း ငဖဲမြို့နယ်မှာ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးသွားကြောင်း သိရသည်။

ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းတွင် နပခ ပို့မည့် စစ်ယာဉ်တန်းများကို အရှိုချင်းတပ် CDF-Asho တပ်ဖွဲ့က နိုဝင်ဘာလ ၂၅ ရက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက “နံနက်အစောပိုင်း ၄ နာရီ ၁၅ မိနစ်ခန့်မှာ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအနီး တောရဘုန်းကြီးကျောင်း၌ တပ်စွဲထားတဲ့ အင်အား ၂၀ ကျော်ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဟာ မင်းဘူးမြို့ဘက်မှ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ကူလာရောက်တဲ့ စစ်ကားတွေကို အမ်း-ပဒါန်း လမ်းပိုင်းရှိ ခွန်ဇူရွာလမ်းခွဲမှာ လုံခြုံရေး ယူနေစဉ် Chin Defence Force – Asho တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၄ ဦး နေရာ၌သေဆုံးပြီးကာ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်းနှင့် စစ်ကောင်စီ တပ်သားများထံမှ MA-1 သေနတ် ၁ လက်၊ ကျောပိုးအိတ် ၁ လုံး၊ တပ်မ ၈၈ တံဆိပ်ပါ စစ်အင်္ကျီနှင့် စစ်ဝတ်စုံအချို့ ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“လတ်တလော အခြေအနေမှာ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်အရ စစ်ဆင်ရေးတွေ တိုက်ပွဲတွေ ဖော်ဆောင်တဲ့ အခါမှာ ပြည်သူတွေ ဆီကနေ စစ်ရေး သတင်းရရှိမှုတွေ နည်းပါးလာတဲ့အတွက် ဒီလိုမျိုး အားနည်းချက်တွေရှိတယ်” ဟု Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

ဆက်လက်ပြီး ပြည်သူများကို မေတ္တာရပ်ခံလိုသည်မှာ စစ်ဆင်ရေး ဖြစ်ပွားသည့် နေရာ အနီးတစ်ဝိုက်မှာဖြစ်စေ၊ စစ်ဆင်ရေးနှင့်ဝေးကွာသည့် နေရာများတွင်ဖြစ်စေ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နေရာတွင် နေထိုင်နေရသည့်သူဖြစ်စေ အတတ်နိုင်ဆုံး မိမိနေရပ်ဒေသများကို စွန့်ခွာပြီးတော့မှ စစ်ပြေးရှောင်နေသော တနယ်တခြားများကို ပြေးသွားခြင်းမျိုးနှင့် မိမိနေရာကို စွန့်ပစ်ခဲ့ခြင်းမျိုး မလုပ်ရန် မေတ္တာရပ်ခံချင်ကြောင်း Chin Defence Force – Asho တပ်ဖွဲ့မှ ပြောသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ