Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် နံနက်က စစ်ကောင်စီ ဗုံးကြောင့် နေရာ၌ သေဆုံးခဲ့ရသည့် တောင်ကုတ်မြို့နယ် သင်္ချီကိုင်းရွာက အပြစ်မဲ့အရပ်သားများ။ (ဓါတ်ပုံ - APM)

အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု၊ သေနတ်ပစ်ခတ်မှုတို့ကြောင့် ရခိုင်ပြည်မှာ ယခု နိုဝင်ဘာလအတွင်း သေဆုံးသူ ၂၀ ဦးအထိရှိကြောင်းကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောသည်။

နိုဝင်ဘာလ ၁ ရက်ကနေ ၂၆ ရက်နေ့အထိ AAPP က စာရင်းကောက်ယူထားပြီး သေဆုံးသူများထဲတွင် အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၁၁ ဦးပါဝင်ကြောင်းနှင့် ထိုအထဲတွင် အသက် ၁၈ နှစ်အောက် ကလေး ၆ ဦးပါဝင်ကြောင်း သိရသည်။

သေဆုံးသူ ၂၀ ဦးထဲက ၁၉ ဦးမှာ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသလို ကျန် ၁ ဦးမှာ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်ဟု AAPP က ထုတ်ပြန်ထားသည်။

၂၀၂၃ နိုဝင်ဘာ ၁၃ မှ ၂၀၂၄ နိုဝင်ဘာ ၁၃ ရက်နေ့အထိ ရခိုင်ပြည် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၇၃၅ ဦးသေဆုံးခဲ့ရပြီး ၁၅၆၉ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ULA/AA အစိုးရအဖွဲ့၏ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစ၍ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ ၅၉၈၅ ဦး ရှိခဲ့ပြီဖြစ်ကြောင်း AAPP ထုတ်ပြန်ပြောဆိုထားသည်။

ထို့အပြင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇၇၁၉ ဦးရှိပြီး ယင်းအထဲက ၂၁၁၆၁ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၉၅၃၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း AAPP အချက်အလက်အရ သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ