ရခိုင်ပြည် တောင်ကုတ်မြို့မှာ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ရင်းများမှာ ရိက္ခာပြတ်လပ်သွား၍ လက်နက်ချအလင်းဝင်သူများရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
တောင်ကုတ်မှာ စကခ ၅ တပ်မ၊ ခမရ ၅၄၄ တပ်ရင်းနှင့် ခမရ ၃၄၆ တပ်ရင်းတို့ အဓိက သုံးခုရှိသည့်အပြင် ထောက်ပို့တပ်၊ မိုင်းရှင်းလင်းရေးတပ်နှင့် ဆက်သွယ်ရေးတပ်တို့ရှိကြပြီး တပ်သားအင်အား ၇၀၀ ကျော်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ခန့်မှန်းထားကြသည်။
တောင်ကုတ်မြို့က အဆိုပါတပ်အားလုံးကို အာရက္ခတပ်တော် AA က လနှင့်ချီ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ပြီးနောက် အောက်တိုဘာလ ၃၀ ရက်နေ့ကစ၍ အရှိန်မြှင့်ထိုးစစ်ဖြင့် တိုက်ခိုက်ခဲ့သည်။
စကခ ၅ တပ်မကို ကာရံထားသော ပန်းမြောက်တောင် အမြောက်တပ်၊ တက္ကသိုလ်အမြောက်တပ်၊ သဲခံတောင် အမြောက်တပ်၊ နတ်မော် အမြောက်တပ်နှင့် တောင်ကုတ်မြို့ထဲက စစ်ကောင်စီ အခြေစိုက်စခန်းများအားလုံးကို AA က သိမ်းပိုက်ထားပြီး ဖြစ်ကြောင်း AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“တပ်မ၊ တပ်ရင်းတွေကို အခု အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ အမြောက်တပ်စခန်းတွေနဲ့ တောင်ကုတ်မြို့ထဲက စစ်စခန်းတွေကို သိမ်းလိုက်တာတော့ ကြာပြီ။ စစ်ကောင်စီဘက်က အကျအဆုံးများတာပေါ့။ သူတို့မှာ တပ်ကူလည်းမရှိဘူး။ ရိက္ခာလည်း လုံလောက်မှာ မဟုတ်တော့ဘူးလေ။ စစ်ကောင်စီက လေကြောင်း ပစ်ကူကလွဲရင် ဘာအထောက်အပံ့မှ မပေးနိုင်ဘူး။ အဲဒီတော့ မြေပြင်မှာရှိတဲ့ အကောင်တွေက ဘယ်လောက်တောက်ခံနိုင်မှာမို့လို့လဲ။ လက်နက်ချ အလင်းဝင်လာတဲ့သူတွေ ရှိတယ်လို့ ပြောတယ်။ အရေအတွက် ဘယ်လောက်ဆိုတာကတော့ မသိရသေးဘူး” ဟု ပြောသည်။
လက်နက်ချ အလင်းဝင်လာသူများမှာ ခမရ ၅၄၄ တပ်ရင်းနှင့် ခမရ ၃၄၆ တပ်ရင်းတို့က အဓိက ပါဝင်ပြီး တပ်သားများနှင့်အတူ မိသားစုဝင်များပါ ပါဝင်ကြောင်း သိရသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ကစပြီး ပြင်းထန်ခဲ့သည့် တောင်ကုတ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူကလွဲပြီး ရိက္ခာပို့ပေးခြင်း၊ တပ်ကူအင်အားပို့ပေးခြင်း တစ်ကြိမ်တစ်ခါ မရှိခဲ့ဖူးသည့်အတွက် စစ်ကောင်စီတပ်သားများမှာ လက်နက်ချအလင်းဝင်လာခြင်းဖြစ်နိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။
ထို့ကြောင့်လည်း ခမရ ၅၄၄ တပ်ရင်းနှင့် ခမရ ၃၄၆ တပ်ရင်းတို့မှာ အာရက္ခတပ်တော် AA က အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်ပေါ်ခြင်းအပေါ် AA နှင့်နီးစပ်သည့် နောက်ထပ် စစ်ရေးသတင်းရင်းမြစ်က ယခုလိုပြောသည်။
“လက်နက်ချ အလင်းဝင်လာတဲ့သူ ရှိတယ်ဆိုတာက မှန်တယ်လို့ ယူဆလို့ရပေမယ့် ခမရ ၅၄၄ နဲ့ ခမရ ၃၄၆ တပ်ကို သိမ်းလိုက်ပြီဆိုတာက အတည်မပြုနိုင်သေးဘူး။ ဒါက AA က ထုတ်ပြန်မှ အတည်ပြုလို့ရမယ်ပေါ့နော်။ သေချာတာကတော့ အဲဒီတပ်တွေ တော်တော်လေး ခံနေရတယ်ဆိုတာကိုတော့ ပြောနိုင်ပါတယ်။ စစ်ကောင်စီတပ်သားတွေလည်း သိပ်မရှိတော့ဘူးလို့လည်း သိထားတယ်” ဟု ပြောသည်။
အာဏာသိမ်း စစ်ကောင်စီကမူ တောင်ကုတ်မြို့နှင့် ၎င်းတို့တပ်ရင်းများ မကျရှုံးရေးအတွက် လေကြောင်းက အဆက်မပြတ် ပစ်ကူပေးနေ၍ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့ထဲက နေအိမ်အများအပြား မီးလောင်းပျက်စီးသွားပြီဟု သိရသည်။
အာရက္ခတပ်တော် AA ဘက်ကလည်း တောင်ကုတ်မြို့သိမ်းတိုက်ပွဲကို အရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့ထဲပိတ်မိနေသူများကိုလည်း ကယ်ထုတ်လိုက်ပြီဟု သတင်းရင်းမြစ်များက ပြောဆိုကြသည်။
တောင်ကုတ်မြို့သိမ်းတိုက်ပွဲ အခြေအနေကို မေးမြန်းနိုင်ရန် ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က ဆက်သွယ်နေဆဲဖြစ်သည်။