Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက် နေပြည်တော်၌ ကျင်းပသည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (ဓါတ်ပုံ - ရိုက်တာ)

မြန်မာနိုင်ငံသည် နိုင်ငံတကာရာဇဝတ်တရားရုံး ICC အဖွဲ့ဝင်မဟုတ် ICC ရှေ့နေချုပ်၏ ဖမ်းဝရမ်းလျှောက်ခြင်းအပေါ် အသိအမှတ်မပြုကြောင်း အာဏာသိမ်း စစ်ကောင်စီက တုန့်ပြန်ပြောဆိုသည်။

စစ်ကောင်စီ၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့က စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာများနှင့် နိုင်ငံခြားသတင်းဌာနများသို့ ပေးပို့သော ဖြေကြားချက်တွင် ယင်းကဲ့သို့ တုန့်ပြန်ထားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် နိုင်ငံမဟုတ်သကဲ့သို့ ICC ၏ ပြောကြားချက်များအပေါ် မည်သည့်အခါကမှ အသိအမှတ်ပြုခြင်းမရှိပါ။” ဟု ရေးသားထားသည်။

သို့သော်လည်း အဆိုပါ တုန့်ပြန်ချက်ကို စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာနှင့် သတင်းဌာနများတွင် တရားဝင်ဖော်ပြခြင်း မရှိသည်ကို တွေ့ရသည်။

ရခိုင်ပြည်အတွင်းက မွတ်ဆလင်များကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ICC ရှေ့နေချုပ် Karim A.A. Khan KC က မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် ICC တရား ရုံးတွင် ယမန်နေ့က လျှောက်ထားလိုက်ခြင်းဖြစ်သည်။

မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ရေး ICC ရှေ့နေချုပ် လျှောက်လိုက်သည့်သတင်းမှာ ကမ္ဘာ့နာမည်ကျော် မီဒီယာကြီးများတွင် ထိပ်တန်းသတင်းအဖြစ် ဖော်ပြခံရကြောင်းနှင့် မင်းအောင်လှိုင်သည် “ဘယ်လိုလူစားလဲ” ဆိုသည့် သုံးသပ်ချက်များစွာ ရေးသား ဖော်ပြနေကြသည်။

The guardian နှင့် AL JAZEERA သတင်းဌာနတို့က မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်သည် မွတ်ဆလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြနေကြသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)၊ Burma Campaign for UK ၊ Human Rights Watch အပါအဝင် နိုင်ငံတကာအဖွဲ့တချို့ကလည်း ICC တရားရုံး၏ ဖမ်း၀ရမ်းထုတ်ရေး လျှောက်ထားမှုအပေါ် အပြုသဘောရှုမြင်ကြိုဆိုကြပြီး ICC တရားရုံး၏ လုပ်ရပ်မှာ မှန်ကန်ကြောင်း ထုတ်ပြန်ထားကြသည်။

မြန်မာစစ်တပ်က မွတ်ဆလင်များကို ညှဉ်းပန်းသတ်ဖြတ်မှုများနှင့် နှင်ထုတ်မှုများကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် ကျူးလွန်ခဲ့သော သက်သေအထောက်အထား အပြည့်အစုံရရှိခဲ့ကြောင်းနှင့် မင်းအောင်လှိုင်တွင် တာဝန်ရှိကြောင်း ICC တရားရုံးက ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကလည်း မင်းအောင်လှိုင်ကို ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရန် စီစဉ်နေမှုအပေါ် ကြိုဆိုလိုက်ပြီး ICC တရားရုံး တရားသူကြီးများအနေဖြင့် အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ရန် တောင်းဆိုထားသည်။

ICC တရားရုံးတွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၅ နိုင်ငံပါဝင်ပြီး အာဆီယံတွင် ကမ္ဘောဒီးယားနိုင်ငံက တစ်ခုတည်းသော ICC အဖွဲ့ဝင်နိုင်ငံဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ