ရခိုင်ပြည် စစ်တွေမြို့ ဆတ်ရိုးကျချောင်းတစ်ဘက်ကမ်းရှိ ကယ်ဆယ်ရေးရပ်ကွက် အောင်ထွန်းသိန်းရွာက ဒေသခံပြည်သူများကို စစ်ကောင်စီ လက်ပါးစေ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့၊ စစ်သားများက နှင်ထုတ်နေကြောင်း မြို့ခံများက ပြောသည်။
အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ နိုဝင်ဘာလ ၂၄ ရက်နေ့ကတည်းက နှင်ထုတ်နေကြောင်း အသက် ၅၀ အရွယ် မြို့ခံတစ်ဦးက ပြောသည်။
“ကယ်ဆယ်ရေးရပ်ကွက် အကွက် ၁ ဘေးက အောင်ထွန်းသိန်းရွာဆိုတာရှိတယ်။ ကြယ်နီစက်ပစ္စည်းအရောင်းဆိုင်နောက်က အိမ်တန်းတွေပေါ့။ တရွာလုံးနီးပါးကို နှင်ထုတ်နေတာ။ တရွာလုံးဆိုတော့ အရေအတွက်က များတာပေါ့။ ဘာအကြောင်းပြချက်မှ မရှိဘဲ နှင်ထုတ်နေတယ်လို့ သိရတယ်။ ပြည်သူတွေမှာက ဘာတတ်နိုင်မှာလဲ။ သေနတ်တွေ၊ အာဏာတွေ လာပြောရင် သွားရတာပဲ” ဟု ပြောသည်။
နှင်ထုတ်ခံရသည့် အောင်ထွန်းသိန်းရွာသားများမှာ သင်္ဘောဆိပ်အနီး နေပူခံရပ်ကွက်က ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် စစ်ကောင်စီက ထားရှိထားကြောင်း စုံစမ်းသိရသည်။
အဆိုပါ ရွာသားများကို Western News က ဆက်သွယ်နေဆဲဖြစ်ပြီး လတ်တလောတွင် ဆက်သွယ်၍ မရရှိသေးပေ။
ကယ်ဆယ်ရေးရပ်ကွက်ရှိ ဒေသခံပြည်သူများမှာ ယခုမှ နေထိုင်ကြသူများမဟုတ်သလို ကျူးကျော်နေထိုင်သူများလည်း မဟုတ်ကြောင်း နောက်ထပ်စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
“ဆတ်ရိုးကျ တစ်ဘက်ကမ်းမှာရှိတဲ့ ကယ်ဆယ်ရေးရပ်ကွက်မှာ နေတဲ့သူတွေဟာ ကျူးကျော်နေထိုင်သူတွေလည်းမရှိဘူး။ အခု နေကြတာလည်းမဟုတ်ပါဘူး။ ၂၀၁၂ ပဋိပက္ခမှာ ထိခိုက်ခံရတဲ့သူတွေကို အစိုးရအစီအစဉ်နဲ့ နေရာချပေးထားတာဖြစ်ပါတယ်။ နေလာတာ ကြာပါပြီ။ အခုမှ ဘာကြောင့် နှင်ထုတ်ပြီး ဘုန်းတော်ကြီးကျောင်းမှာ သွားထားရတာလဲ။ စစ်ကောင်စီဟာ လူသားဆန်မှု လုံးဝမရှိတော့ဘူး။ အာဏာနဲ့ လုပ်ချင်ရာလုပ်နေကြတာပဲ” ဟု ပြောသည်။
လက်နက်ကိုင်တိုက်ပွဲများကြောင့် စစ်တွေဒေသခံပြည်သူအချို့မှာ AA ထိန်းချုပ်ရာ မြို့ရွာများနှင့် ရန်ကုန်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြစဉ် လူမနေအိမ်များနှင့် အိမ်ရာမြေကွက်များကို စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များက လက်ညိုးထိုးရောင်းစားခြင်းများလည်းရှိကြောင်း စုံစမ်းသိရသည်။
ယင်းအပြင် စစ်တွေမြို့အနီးက ဗျိုင်းဖြူကျေးရွာ၊ ကျေးတော၊ ရွှေပြည်သာ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတင်းအဓမ္မနှင်ထုတ်ပြီး ကျေးရွာအတွင်း နေရာယူတပ်စွဲထားကြောင်း မြို့ခံများက ပြောဆိုကြသည်။
နှင်ထုတ်ခံရသည့် ဒေသခံပြည်သူများမှာ စစ်တွေမြို့ထဲတွင် ဘုန်းတော်ကြီးကျောင်းများတွင် ကပ်ခိုနေထိုင်ကြရန်သလို ဆွေမျိုးအိမ်များတွင် ဖြစ်သလို နေထိုင်နေကြရသည်ဟု သိရသည်။