(UWSA နှင့် တိုက်ရိုက်ဆောင်ရွက်ရန် မြန်မာစစ်တပ်က အကြံပြု)
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တွင် ထိုင်းစစ်တပ်နှင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အကြား တင်းမာမှုများဖြစ်ပွားနေသည့် သတင်းများကို ထိုင်းစစ်တပ်က ပယ်ချလိုက်သည်။
ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Thirat Sombatsiri က လူမှုမီဒီယာတွင် ပျံ့နှံ့နေသည့် နယ်စပ်တွင်စစ်ရေးတင်းမာမှု ပြောဆိုချက်များကို ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ပယ်ချခဲ့သည်။
“နယ်စပ်ဒေသ တစ်ခုလုံး အခြေအနေက ပုံမှန်ပါပဲ၊ မီဒီယာက ဖော်ပြတဲ့အတိုင်း နယ်စပ်တလျှောက် ပဋိပက္ခဖြစ်ပွားတယ်ဆိုတာမျိုး အတည်ပြုချက် မရသေးပါဘူး” ဟု ၎င်းက ဆိုသည်။
နယ်စပ်မြေပြင် အသေးစိတ်အချက်အလက်များနှင့် အခြေအနေများကို တင်ပြရန် မြေပြင်တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း ထိုင်းစစ်တပ် ပြောခွင့်ရက ပြောသည်။
ချင်းမိုင်နှင့် မယ်ဟောင်ဆောင် နယ်စပ်အခြေအနေမှာ ပုံမှန်ဖြစ်ပြီး နယ်စပ်ဒေသရှိ ပြည်သူများ အသက်အိုးအိမ်စည်းစိမ် လုံလုံခြုံခြုံရှိနေကြကြောင်း ထိုင်းစစ်တပ် ဗိုလ်မှူးကြီး Rungkhun Mahapanyawong က ပြောသည်။
အဆိုပါ ဒေသများတွင် ထိုင်းစစ်တပ်နှင့် UWSA အကြား ဆက်ဆံရေးမှာလည်း ပုံမှန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“UWSA က လက်ရှိ သိမ်းပိုက်ထားတဲ့ ကုန်းမြေနဲ့ ကပ်လျက် ရှိတဲ့ နယ်ခြားအနေအထား မှာတောင် နှစ်ဖက်ဆက်ဆံရေး ကောင်းမွန်နေဆဲ ဖြစ်တယ်” ဟု ပြောသည်။
ထိုင်းတပ်မတော်သည် နိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး Rungkhun Mahapanyawong က ပြောသည်။
သို့သော်လည်း မြောက်ပိုင်းနယ်စပ်ဒေသများ အထူးသဖြင့် မယ်ဟောင်ဆောင်တွင် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် တပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများ ပြင်ဆင်ထားရန် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိုင်းစစ်တပ်အား ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
နယ်စပ်အခြေနေ တင်းမာနေချိန်တွင် UWSA ကလည်း ၎င်း၏ အဓိက နယ်စပ်အခြေစိုက် စခန်းများဖြစ်သည့် Doi Hua Ma နှင့် Nong Luang နှင့် Pai တွင်ရှိသော အခြားကင်းစခန်းငါးခုတို့၌ စစ်ကူများချထားကြောင်း သိရသည်။
ထိုင်းစစ်တပ်က UWSA ကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာ ဖယ်ရှားပေးရန် တောင်းဆိုထားသော်လည်း UWSA က သဘောမတူကြောင်း သိရသည်။
ယခု နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ချင်းမိုင်တွင် ကျင်းပသည့် UWSA ထိပ်တန်းအဖွဲ့ဝင် ခြောက်ဦးနှင့် ထိုင်းအာဏာပိုင်များအကြား တွေ့ဆုံဆွေးနွေးစဉ် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
UWSA နှင့် တိုက်ရိုက်ဆောင်ရွက်ရန် မြန်မာစစ်တပ်က ထိုင်းကို အကြံပြုထားကြောင်း သိရသည်။
Ref: ဘန်ကောက်ပို့စ်