ရခိုင်ပြည် တောင်ကုတ်မြို့တွင်းရှိ စစ်ကောင်စီ စစ်ခစန်းများအားလုံးကို သိမ်းပိုက်လိုက်ပြီး မြို့တွင်းတွင် စစ်ကောင်စီတစ်ယောက်မျှမရှိတော့ကြောင်း အာရက္ခတပ်တော် AA က ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်သည်။
တောင်ကုတ််မြို့တွင်းကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီ၏ စကခ ၅ တပ်မဌာနချုပ်၊ ခမရ ၅၄၄ နှင့် ခမရ ၃၄၆ တပ်းရင်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်း AA က ဆိုသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ကတည်းက တောင်ကုတ်မြို့တွင်းကို သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
မောင်းတံဂိတ် စစ်စခန်းများ၊ တက္ကသိုလ်ကျောင်းဝင်း စစ်စခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း စစ်စခန်း၊ ဖုန်ညိုတံတားအနီး စစ်ခန်းများ၊ တောင်ကုတ်မြို့အဝင် ဂိတ်စခန်း၊ သိမ်တောင် ဆုတောင်းပြည့်ဘုရားကုန်း စစ်စခန်း၊ ကြိုးကြာကွင်း စစ်စခန်း၊ ကိုင်းရှည်တံတားထိပ် စစ်စခန်း၊ သီရိဆေးရုံ စစ်စခန်းနှင့် တောင်ကုတ်မြို့မရဲစခန်းတို့ကို AA က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
အဆိုပါ စစ်စခန်းများကို နိုဝင်ဘာလ ၄ ရက်မှ ၂၀ ရက်အတွင်း ၁၇ ရက်ကြာ ထိုးစစ်အပြီးတွင် သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တွင်းတစ်ခုလုံးအား နိုဝင်ဘာလ ၂၄ ရက်နေ့တွင်မှ အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
တောင်ကုတ်မြို့တွင် ပိတ်မိနေသော အရပ်သားပြည်သူများကို အာရက္ခတပ်တော် AA က ကယ်ထုတ်ထားပြီး သူခိုးများကျန်ရှိနေသေးကြောင်းနှင့် ၎င်းတို့မှာ တောင်ကုတ်မြို့ထဲက တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေကြ၍ AA က ဖမ်းဆီးအရေးယူနေကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။