ချင်းပြည် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ လုပ်ရပ်အပေါ် ကန့်ကွတ်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောသည်။
ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်ဟု NUG က ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာက ကျန်းမာရေးဝန်ထမ်း ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးသွားပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။
ယင်းအပြင် ဗုံးသီးများကြောင့် ဆေးရုံအဆောက်အုံနှင့် ကျေးရွာအတွင်း နေအိမ်အများအပြား မီးလောင်းပျက်စီးခဲ့ရသည်ဟု သိရသည်။
သေဆုံးထိခိုက်ခဲ့ရသည့် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တော်လှန်ရေးရဲဘော်များ အတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG က ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကျဆုံးသွားသော ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူများ၏ မိသားစုများနှင့်ထပ်တူ အထူးကြေကွဲဝမ်းနည်းရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူစိတ်ပျောက်နေသော အာဏာသိမ်း စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းကရပ်ကြရန်လည်း NUG က အလေးအနက် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေကြောင်း NUG က ပြောသည်။
NUG အနေဖြင့် အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိသည့်တိုင် သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်သည်ဟု NUG က ထုတ်ပြန်ထားခြင်းဖြစ်သည်။