(စစ်ကောင်စီ လေကြောင်းဗုံးကြဲ၍ အရပ်သား ၁၄ ဦးသေဆုံး)
ရခိုင်ပြည် ဂွမြို့သိမ်းတိုက်ပွဲမှာ မြို့အနီး ၅ မိုင်ပတ်လည်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
သတင်းရင်းမြစ်တစ်ဦးက “ဆပ်သွား၊ ကမ်းသာယာ၊ လောင်းကျိုး၊ ဇီးခုံ စတဲ့ နေရာတွေမှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ ဂွမြို့နဲ့ သိပ်မတော့ဘူး။ ၅ မိုင်ပတ်လည်အတွင်းမှာ ဖြစ်နေကြတာ။ စစ်ကောင်စီဖက်ကလည်း ဧရာဝတီဘက်ကနေ ဂွမြို့ကို အင်အားတအားကို ဖြည့်ပေးနေတာ။ လေကြောင်းပစ်ကူလည်း အဆက်မပြတ်ပါပဲ” ဟု ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း ဂွမြို့နယ်မှာ အပြစ်မဲ့အရပ်သား ၁၄ ဦးအထိ သေဆုံးခဲ့ရကြောင်း သတင်းရင်းမြစ်က ပြောသည်။
ဂွမြို့နယ် ဆပ်သွားနှင့် ကျိန္တလီဒေသကို နိုဝင်ဘာလ ၁၅ ရက်နေ့က စစ်ကောင်စီ လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သား ၇ ဦးသေဆုံးခဲ့ရပြီး အမည်နှင့် အသက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ အင်တာမရသည့်အပြင် ဖုန်းလိုင်းဆက်သွယ်ရေး အခက်အခဲကြောင့် အချက်အလက်များ ရယူရန် ခက်ခဲနေသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း ဂျိုင်းကောက်ကျေးရွာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၇ ဦးသေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်။
သံတွဲမြို့သိမ်းတိုက်ပွဲပြီးနောက် ဧရာဝတီတိုင်းနှင့်နီးကပ်နေသည့် ဂွမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော် AA ၏ ထိုးစစ် တစ်လကျော်အတွင်းမှာ မြို့နှင့်အနီးကပ်ဆုံးနေရာများကို တိုက်ပွဲရောက်ရှိလာခြင်းဖြစ်သည်။
“ဂွမြို့ထဲမှာက အရပ်သားတွေ မရှိတော့ဘူးလို့ ပြောလို့ရပါတယ်။ ကျေးလက်ဘက်တွေမှာတော့ ရှိပါသေးတယ်။ ဒီလိုပဲပေါ့ ဘေးကင်းမယ်ထင်တဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတာပါပဲ။ မြို့ပေါ်က လူတွေကတော့ ဧရာဝတီတို့၊ ရန်ကုန်တို့ဘက်ကို သွားကြပြီ။ အိမ်စောင့်အဖြစ်နဲ့ ကျန်ခဲ့တဲ့သူတွေလည်းရှိပါတယ်။ တိုက်ပွဲကလည်း မြို့နဲ့ တစ်ဖြေးဖြေးနီးကပ်လာပါပြီ။ ဘယ်နေ့ မြို့တွင်းတိုက်ပွဲဖြစ်မလဲတော့ မသိဘူး။ တိုက်ပွဲဖြစ်တော့ ပြည်သူတွေကတော့ ကြောက်နေရတာပေါ့” ဟု ဂွမြို့ခံတစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း ရခိုင်ပြည် သံတွဲမြို့နယ် နန်းချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ နန်းချောင်းကျေးရွာသည် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာဖြစ်ပြီး စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသော ရွာလည်းဖြစ်သည်။
နိုဝင်ဘာလ ၁ ရက်မှ ၂၆ ရက်နေ့အတွင်း ရခိုင်ပြည်မှာ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုနှင့် သေနတ်ပစ်သတ်မှုကြောင့် အရပ်သားပြည်သူ ၂၀ ဦးသေဆုံးခဲ့ရပြီး အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၁၁ ဦးပါဝင်ကြောင်း AAPP က ထုတ်ပြန်ထားသည်။ ထိုအထဲတွင် အသက် ၁၈ နှစ်အောက် ကလေး ၆ ဦးပါဝင်ကြောင်း သိရသည်။
အောက်တိုဘာလ နောက်ဆုံးအပတ်က စတင်ခဲ့သည့် တောင်ကုတ်မြို့သိမ်းတိုက်ပွဲမှာ နိုဝင်ဘာလ ၂၄ ရက်နေ့က မြို့တစ်ခုလုံးကို AA က သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ဆက်လက်ပြီး မြို့အပြင်ရှိ စကခ ၅ တပ်မ၊ ခမရ ၅၄၄ နှင့် ခမရ ၃၄၆ တပ်ရင်းတို့ကို တစ်ပြိုင်တည်းတိုက်ခိုက်နေကြောင်း AA က ပြောဆိုထားသည်။
အမ်းမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး အမ်းမြို့ထဲက တပ်ရင်းအများစုကိုတော့ AA က သိမ်းပိုက်လိုက်ပြီဖြစ်သည်။ အမ်းမြို့ကို စစ်ကူလာသော မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့က စစ်ကောင်စီ စစ်ကြောင်းများကို အရှိုချင်းတပ်များနှင့် တော်လှန်ရေးမဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်ပေးနေကြောင်း သိရသည်။