ပစ်မှတ်ထား သတ်ဖြတ်ခံရ၍ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၂၆၈ ဦး သေဆုံးကာ အနည်းဆုံး ၄၉၈ ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ပြောသည်။
စစ်ဆင်ရေးများနှင့် တိုက်ပွဲများကြောင့်သာမက စစ်ကောင်စီတပ်များ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် အမည်မသိအဖွဲ့အစည်းများမှ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။
ထိခိုက်သေဆုံးသူများထဲမှ ၁၃၇ ဦးနှင့် ဒဏ်ရာရရှိသူများထဲမှ ၃၁၂ ဦးမှာ စစ်ကောင်စီ၏ အရပ်သားများအား ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး အများဆုံးဖြစ်သည်ဟု ဉာဏ်လင်းသစ်အဖွဲ့က ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ စစ်ကြောင်းထိုး ဝင်ရောက်သတ်ဖြတ်မှုများကြောင့် ထိခိုက်သေဆုံးမှုမှာ ဒုတိယအများဆုံးဖြစ်ပြီး အရပ်သားအနည်းဆုံး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၄၆ ဦး သေဆုံးခဲ့သည်။
ကျူးလွန်သည့် အဖွဲ့ အစည်းကို မသိရှိရသည့် အရပ်သားထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်းမှာ ၂၈ ဦးနှင့် သေဆုံးသူ ၁၂ ဦးရှိခဲ့သလို လက်နက်ကိုင်တော်လှန်ရေးအင်အားစုများကြောင့်လည်း အရပ်သားထိခိုက်သေဆုံးမှုများလည်းရှိခဲ့ပြီး တနင်္သာရီတွင် သေဆုံးသူ ၃ ဦးနှင့် စစ်ကိုင်းတွင် သေဆုံးသူ ၁ ဦးရှိခဲ့သည်။
အောက်တိုဘာလအတွင်း စစ်ကောင်စီ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် အမည်မသိအဖွဲ့အစည်းများမှ အနည်းဆုံးအရပ်သား ၁၈၉ဝ ဦးကို ဖမ်းဆီးခဲ့ကြောင်းတွေ့ရသည်ဟု ဉာဏ်လင်းသစ်အဖွဲ့က ဆိုသည်။
“၎င်းဖမ်းဆီးခံရမှုများတွင် စစ်ကောင်စီတပ်မှ အရပ်သား ၁၇၆၉ ဦးအထိ ဖမ်းဆီးခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများမှ ၁၁၉ ဦးနှင့် အမည်မသိရှိရသည့် အဖွဲ့အစည်းများမှ ၂ ဦးကို ဖမ်းဆီးခဲ့သည်” ဟု ပြောသည်။
ရခိုင်၊ ဘူးသီးတောင်မြို့နယ်မှ ပုဏ္ဏားကျွန်း၊ စစ်တွေသို့ လှေဖြင့် သွားရောက်ရန် ကြိုးပမ်းကြသော စစ်ဘေးရှောင်မွတ်ဆလင်ဒုက္ခသည ၄ဝဝ ခန့်ကို စစ်ကောင်စီရေတပ်က အောက်တိုဘာလ ၂ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
နိုင်ငံတဝန်းတွင်လည်း အရပ်သားအများစုမှာ စစ်ကောင်စီ တပ်၏စစ်ကြောင်းထိုးစဉ် လူသားဒိုင်းအဖြစ်လည်းကောင်း၊ စစ်မှုထမ်းရန်အတင်းအကြပ် စုဆောင်းခြင်းအဖြစ် လည်းကောင်း ဖမ်းဆီးခံရသည်။
အောက်တိုဘာလအတွင်း ရခိုင်ပြည်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲဖြစ်ပွားမှုအများဆုံးဖြစ်ပြီး တိုက်ပွဲပေါင်း စုစုပေါင်း ၅၂၁ ကြိမ် ဖြစ်ပွားခဲ့ကာ တော်လှန်ရေးအဖွဲ့များက မြို့ ၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြသည်။
အောက်တိုဘာလအတွင်း ရခိုင်ဒေသရှိ တိုက်ပွဲများမှာ စက်တင်ဘာလထက် ၃ ဆ နီးပါးမြင့်တက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့သည်။
စစ်ကိုင်းတိုင်းမှာမူ တိုက်ပွဲဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်ကြောင်း၊ KIA နှင့် ပူးပေါင်းတပ်များသည် ဆော့လော်မြို့ကို အောက်တိုဘာ ၂ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်နေ့တွင် ပန်ဝါမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာလအတွင်း စစ်ကိုင်းဒေသတွင်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပင်လယ်ဘူးမြို့ကို အောက်တိုဘာ ၈ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကာ TNLA နှင့် ပူးပေါင်းတပ်များကလည်း သီပေါ်မြို့ကို အောက်တိုဘာ ၁၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။