အာဏာသိမ်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှမ်းမြောက် တအောင်းဒေသမှာ ကုန်ခဲ့သည့် နိုဝင်ဘာလအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၃၈ ဦးသေဆုံးခဲ့ရပြီး ၇၀ ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ နေအိမ် ၁၃၀ လုံး ထိခိုက်ပျက်စီးသွားကြောင်း တအောင်းတပ် TNLA က ယနေ့ ထုတ်ပြန်သည်။
နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၁၆ ဦးသေဆုံးပြီး ဦးဇင်း နှစ်ပါး အပါအဝင် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၅၇ လုံးနှင့် ကား ၈ စီး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုတ်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၉ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး အပါအဝင် ၁၃ ဦး ထိိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံး ပျက်စီးသွားကြောင်း ဆိုသည်။
အလားတူ မိုင်းငေါ့မြို့ မန်လုံရပ်ကွက်တွင်လည်း စစ်ကောင်စီတပ်မှ ပေါင် ၃၀၀ ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၂ လုံး ထိခိုက်ပျက်စီး ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ထို့အပြင် ကွတ်ခိုင်မြို့ ရပ်ကွက် ၄ တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၇ ဦးထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ် ၁၆ လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။
ထို့အတူ နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၆း၃၅ အချိန်က ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်တွင် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံ ၁၀ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၅ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုပြီး နေ့စဥ် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်ကား၊ နေအိမ်နှင့် စျေးဆိုင်ခန်းအများအပြားလည်း ထိခိုက်ပျက်စီးရှုံးဆုံးခဲ့ရသည်ဟု တအောင်းတပ် TNLA ထုတ်ပြန်ပြောဆိုထားသည်။