ကုန်ခဲ့သည့် နိုဝင်ဘာလအတွင်း ရခိုင်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့က အာဏာသိမ်း စစ်ကောင်စီတပ်သား ၃၈ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်းနှင့် ၁၀ ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကျောင်းသားလက်ရုံးတပ်တော် SAF က ဒီဇင်ဘာလ ၂ ရက်တွင် ထုတ်ပြန်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည် အမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၃၀ ခန့် နှင့် ကျောင်းသားလက်ရုံးတပ်တော်အပါအဝင် မဟာမိတ်တပ်များဖြင့် အမ်း-ပဒန်းလမ်းပိုင်းတနေရာတွင် နိုဝင်ဘာလ၂၄ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသွားပြီး ၁၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်းနှင့် လက်နက်ငယ် နှစ်လက်နှင့်အတူ ခဲယမ်းပစ္စည်းများကုငိလည်း သိမ်းဆည်းရရှိခဲ့ကြောင်း SAF က ဆိုသည်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် အရှေ့တောင်ဘက်ခြမ်း သဖန်းရွာတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသော အင်အား ၅၀ ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် SAF တို့ နိုဝင်ဘာလ ၅ ရက်နေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် ကျောင်းသားလက်ရုံးတပ်တော် SAF ဖက်က ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း ဆိုသည်။
မကွေးတိုင်း ပြောင်းရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေရာယူနေသော စစ်ကောင်စီတပ်သားများအား ကျောင်းသားလက်ရုံးတပ်တော်နှင့် သရက်ခရိုင်တပ်ရင်း ၄ ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ ၂၀ ရက်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မကွေးတိုင်း၊ ကြို့ဝရွာ ဓမ္မာရုံအတွင်း ရန်သူစစ်ကောင်စီတပ်သား ၉၀ ခန့် တပ်စွဲထားနေကြောင်း သိရှိရသဖြင့် နိုဝင်ဘာလ ၂၂ရက်တွင် ကျောင်းသားလက်ရုံးတပ်တော်မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိသွားကြောင်း SAF က ထုတ်ပြန်သည်။
ကျောင်းသားလက်ရုံးတပ်တော် SAF သည် အာရက္ခတပ်တော် AA က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသော အမ်းမြို့နယ်တိုက်ပွဲများတွင် AA နှင့်အတူ ပူးပေါင်းတိုက်ခိုက်ပေးနေသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။