(စစ်ကောင်စီ စစ်စခန်းအချို့ကို ချင်းညီနောင်တပ်ဖွဲ့ သိမ်းပိုက်ထား)
ချင်းပြည်နယ် မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီ စစ်စခန်းအချို့ကို သိမ်းပိုက်ရရှိထားကြောင်း ချင်းညီနောင်တပ်ဖွဲ့ထံမှ သိရသည်။
မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲ နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေပြီး ယခု ဒီဇင်ဘာလအထိမှာ မြို့တွင်းက စစ်ကောင်စီ စစ်စခန်းအချို့ကို သိမ်းပိုက်ရရှိထားပြီဟု သိရသည်။
ချင်းညီနောင်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “လက်ရှိချိန်ထိ စစ်ရေး ဖော်ဆောင်နေဆဲပါ။ တိုက်ပွဲက ပြင်းထန်ဆဲမို့ တရားဝင်သတင်းထုတ်ပြန်ဖို့ အစီအစဉ်မရှိသေးပါဘူး” ဟု ပြောသည်။
အာဏာသိမ်း စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်တိုက်ခိုက်မှု တောက်လျှောက်ရှိနေသေးကြောင်းနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသေအပျောက်များလျှက်ရှိပြီး အရှင်ဖမ်းမိသည့် သုံ့ပန်းများလည်း ရှိကြောင်း ချင်းညီနောင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
မင်းတပ်နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့များ၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA နှင့် GZA တပ်တို့လည်း ပါဝင်ကြောင်း သိရသည်။