အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၂ ဦးကို တော်လှန်ရေးတပ်ဖွဲ့ ၃ ဖွဲ့က ဖမ်းဆီးခဲ့သည်။
အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ New Society Army (NSA) နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်သုံ့ပန်း ၁၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒီဇင်ဘာလ ၄ ရက်က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သားများထံမှ Laptop တစ်လုံး, Phone တစ်လုံး, MA-1 တစ်လက်, MA-3 တစ်လက် (5.56 ကျည် ၂၃ တောင့်)၊ Type-81 တစ်လက် (ကျည်ဘောက်မပါ)၊ ပစ္စတို တစ်လက် (ကျည် ၂၄ တောင့်) ကို သိမ်းဆည်းရမိခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဆိုသည်။
အဆိုပါ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများကို စစ်သုံ့ပန်းဥပဒေအရ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားပြီး ဒဏ်ရာရရှိသူများကိုလည်း ဆေးကုသမှုပေးထားကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရိက္ခာပို့ပြီး ပြန်လာသော စစ်ကောင်စီ ယာဉ်တန်းကို အရှိုတပ် ACDF နှင့် မင်းဘူးခရိုင် အမှတ် ၂ တပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးသွားကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းကို မေကွးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းတွင် ခြုံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အရှိုတပ် CDF-ASHO ကလည်း အမ်းတိုက်ပွဲက ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၄ ဦးကို မကွေးနှင့် ရခိုင်နယ်စပ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာအနီး တောရဘုန်းကြီးကျောင်းတွင် တပ်စွဲနေယူထားသော စစ်ကောင်စီတပ်သား ၂၀ ကျော်ပါ စစ်ကြောင်းကို CDF-ASHO တပ်က နိုဝင်ဘာလ ၂၅ ရက်တွင် ခြုံခိုတိုက်ခဲ့၍ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု CDF-ASHO က ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA ဖက်က အရှိုတပ် ACDF, CDF-ASHO, မင်းဘူးခရိုင်တပ်များနှင့် အခြားမိတ်ဖက် တော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်နေပြီး စစ်ကောင်စီဖက်က အကျအရှုံးများပြားနေကြောင်း သိရသည်။