မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းမပေါ် စွန်တက်ရွာနှင့် လင်းတဲရွာကြားတွင် အင်အား ၅၀ ခန့်ပါဝင်သော စစ်ကောင်စီ၏ ရိက္ခာကား ၃ စီးကို ယမန်နေ့ ဒီဇင်ဘာလ ၄ ရက် နေ့လယ် ၁ နာရီက ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မကွေး PRA တပ်က သတင်းထုတ်ပြန်သည်။
၁၀ မိနစ်ကျော်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဖက်က တပ်သား ၉ သေဆုံးပြီး ရိက္ခာစစ်ကားနှစ်စီးလည်း ရှေ့ဆက်သွားမရဘဲ ပျက်စီးသွားကြောင်း PRA က ဆိုသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ငဖဲမြို့နယ် ဘုံးဘောကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၉၀ ပါ စစ်ကောင်စီ စစ်ကြောင်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ မင်းဘူး ခရိုင်တပ်ရင်း (၂) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲမှာ ၅ နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အသာစီး ပစ်ခတ်မှုများကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဆုတ်ခွာပေးခဲ့ရသည်ဟု ပြောသည်။
သို့သော်လည်း စစ်ကောင်စီဖက်က တပ်သား ၁၄ ဦးထက်မနည်း သေဆုံးသွားပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။
PRA, ACDF, မင်းဘူးခရိုင်တပ်ရင်း ၂ တို့ကလည်း ရဲဘော်တပ်သားတစ်ဦး မစိုးရ ဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်သည်။
အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်နေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့တိုက်ပွဲက ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကင်းပုန်းချပိတ်ဆို့တိုက်ခိုက်မှုများ၊ ဖမ်းဆီးမှုများ ပြုလုပ်လျှက်ရှိကြောင်း မကွေး PRA က ပြောသည်။
တိုက်ပွဲမှတ်တမ်းများအရ နိုဝင်ဘာနှင့် ဒီဇင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ငယ် (၈) လက်၊ ခဲယမ်းနှင့် စစ်အသုံးအဆောင်များကို သိမ်းဆည်းရမိခဲ့ကြောင်း PRA-Magway တပ်က ထုတ်ပြန်ထားသည်။