တိုက်ပွဲများကြောင့် ရခိုင်ဖက်က ထွက်ပြေးလာကြသည့် စစ်ရှောင်များကို စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများက နေထိုင်ခွင့် မပြု၍ စစ်ဘေရှောင်များမှာ ဒုက္ခရောက်နေကြကြောင်း စုံစမ်း သိရှိ ရသည်။
အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ ရခိုင်ပြည်၊ ဂွမြို့အနီးတွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့် ရခိုင်ပြည်သူများမှာ ဂွမြို့နယ်နှင့်အစပ် ဧရာ၀တီတိုင်းဘက်သို့ ထွက်ပြေးနေကြရာတွင် ဒေသအုပ်ချုပ်ရေးမှူးက လက်မခံရဲကြဘဲ ဖြစ်နေကြသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်း၊ ဂွမြို့မှ စစ်ဘေးရှောင် ပြည်သူများသည် ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်ခွဲ၊ သီတာကုန်းပြင်နှင့် လက်ပန်ပင်ကျေးရွာများသို့ ရောက်ရှိလာကြပြီး စစ်ဘေးရှောင်ပြည်သူများတွင် AA တပ်ဖွဲ့ဝင်များ ရောနှောပါလာလာနိုင်သည်ဟုဆိုကာ လက်မခံကြဟု သိရသည်။
စစ်ဘေးရှောင် ရခိုင်ပြည်သူတစ်ဦးက “ဒီမနက်ပိုင်းမှာ ဂွမြို့က စစ်ဘေးရှောင် ပြည်သူ တော်တော်များများ သီတာကုန်းပြင်နဲ့ လက်ပန်ပင်ကျေးရွာဘက်တွေရောက်တယ်။ ရွာထဲက ပြည်သူတွေက ကြိုဆိုပါတယ်။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက AA တွေပါလာမယ်ဆိုပြီး ရွာထဲ ဝင်ခွင့်မပေးဘူး။ အခုတော့ စားသောက်နေထိုင်ရေး တော်တော်ခက်နေကြတယ်” ဟုပြောသည်။
စစ်ဘေးရှောင်ပြည်သူများကို ကျေးရွာများအတွင်းသို့ ဝင်ရောက် နေထိုင်ခွင့်မပြုခဲ့ကြောင့် ဂွမြို့မှ ထွက်ပြေးလာသော စစ်ဘေးရှောင် ပြည်သူများမှာ စားဝတ်နေရေး အတိဒုက္ခရောက်နေရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
တိုက်ပွဲကြောင့် ဂွမြို့နယ်၊ ရဟိုင်ကွင်းကျေးရွာ၊ ရဟိုင်ကတို့ကျေးရွာ၊ ကျောက်ကြီးကျေးရွာ၊ ရဟိုင်ဖျားကျေးရွာနှင့် ကွမ်းရားရှည်ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများသည် ဧရာ၀တီတိုင်းဘက်သို့ ပြီးခဲ့သည့် ရက်ပိုင်းများက ထွက်ပြေးလာခဲ့ကြသည်။
အသက် ၃၄ နှစ်အရွယ် စစ်ရှောင်တစ်ဦးက “ကျနော်တို့ အခုအချိန် ရွာအပြင်တွေမှာ နေနေရပါတယ်။ ရွာအထဲကို ဝင်ခွင့်မပေးပါဘူး။ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်အရေအတွက်လည်း အရမ်းများတယ်။ နေထိုင်ဖို့ လက်တစ်လော ညှိနှိုင်းလို့ လုံးဝ အဆင်မပြေးသေးဘူး။ ကလေးသူငယ်တွေ အမျိုးသမီးသက်ကြီးပိုင်းတွေ အရမ်းများတယ်”ဟုပြောသည်။
စစ်ကောင်စီတပ်နှင့် AA အကြားတိုက်ပွဲများမှာ ဂွမြို့နှင့် အနီးကပ်ဆုံး နေ့စဉ် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းအဓိက သုံး၍ ခုခံနေပြီး စစ်တပ်များက ဂွမြို့တွင်းထဲသို့ ဆုတ်ခွာနေကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်ဘက်မှ စစ်ဘေးရှောင်ပြည် သူများသည် နို၀င်ဘာလမှစတင်ပြီး ဧရာဝတီတိုင်းအတွင်းသို့ ပိုမို၀င်ရောက်လာခဲ့ရာ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် အမျိုးသားလူငယ်နှင့်လူလတ်ပိုင်းများကို တင်းကျပ်စွာစစ်ဆေးပြီး အချို့ကို ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရှိရသည်။
ထို့အပြင် ရခိုင်ပြည်မှ စစ်ဘေးရှောင်များ ဧရာ၀တီတိုင်းဘက်သို့ တိမ်းရှောင်လာကြစဉ် ငါးသိုင်းချောင်းမြို့ရှိ ရေနံသာစစ်ဆေးရေးဂိတ်အပါအ၀င် ကမ်းခြေဒေသများရှိစစ်ဆေးရေးဂိတ်များတွင် စစ်ဆေးခံရမှုများ ရှိနေပြီး ဖမ်းဆီးခံရမှုလည်း ရှိနေကြောင်း စုံစမ်း သိရှိရသည်။