Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရခိုင်ပြည် အမ်းမြို့တိုက်ပွဲသို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က ထွက်လာသော စစ်ကောင်စီ စစ်ကြောင်းထံမှ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ။ (ဓါတ်ပုံ - AA Video)

ရခိုင်ပြည် အမ်းမြို့တိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်သားများအား ဖမ်းဆီးရာတွင် မူးယစ်ဆေးဝါးများကိုပါ ဖမ်းဆီးရမိကြောင်း အာရက္ခတပ်တော် AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့က AA ထုတ်ပြန်သော စစ်ကောင်စီတပ်သားများ ဖမ်းဆီးရမိခြင်း ဗီဒီယိုဖိုင်တွင် စစ်ကောင်စီတပ်သား ရုပ်အလောင်းတစ်ခုနှင့်အတူ မူးယစ်ဆေးပြား အလုံးရေ ရာနှင့်ချီဖမ်းဆီးရမိသည်ကို တွေ့ရသည်။

အဆိုပါ တပ်သားပါ စစ်ကောင်စီ စစ်ကြောင်းသည် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ကူလာသော တပ်မ ၈၈ လက်အောက်ခံ တပ်သားများဖြစ်ကြောင်း သိရသည်။

ယင်းစစ်ကြောင်းကို ခမရ ၃၁၇၊ ခမရ ၄၁၅၊ ခမရ ၄၁၆ စသည့် တပ်ရင်းသုံးရင်းဖြင့် စုပေါင်းထားပြီး အင်အား ၁၃၀ ခန့်ပါဝင်သော စစ်ကြောင်းဖြစ်ကြောင်းနှင့် အာရက္ခတပ်တော် AA ကမူ အဆိုပါ စစ်ကြောင်းကို နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်တွင် အမ်းမြို့၏ မြောက်ဘက် ရိုးမတောင်လမ်မတစ်နေရာတွင် ဖြတ်တောက်တိုက်ခဲ့သည်။

၃ ရက်ကြာ ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံးကို ရှင်းလင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း ၁၀၀ ကျော်၊ လက်နက်ခဲယမ်းအများအပြားနှင့် စစ်ကောင်စီတပ်သား အရှင်တချို့ (စစ်သုံ့ပန်းအချို့) ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်အတွင်းက ယခင်တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများသည် မူးယစ်ဆေးဝါးအသုံးပြုပြီး စစ်တိုက်ကြသည့်အပေါ် စစ်ကောင်စီဘက်က ငြင်းဆိုထားသည်။

ဂွမြို့နယ်ဘက်တွင်လည်း အင်အား ၁၈၄ ဦးဖြင့် စစ်ကူလာသော စစ်ကောင်စီ စစ်ကြောင်းကို အာရက္ခတပ်တော် AA က ဖြတ်တောက်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်သား ၁၂၀ ကျော် ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့က ဂွမြို့နယ် သံခဲချိုင်ကမ်းခြေနှင့် ကင်းပုံကျေးရွာအနီးတွင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို AA က ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းစစ်ကြောင်းကို ဟင်္သတမြို့အခြေစိုက် ခလရ ၁၈၊ မအူပင်မြို့အခြေစိုက် ခလရ ၅၁ တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ ၆၃ တပ်ရင်းနှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ ၅၃၂ တပ်ရင်း စသည့် တပ်ရင်း ၅ ရင်းဖြင့် စုပေါင်းထားသော စစ်ကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့တို့တွင် စစ်ကောင်စီတပ်နှင့် AA တို့မှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီ စစ်စခန်းများ၊ တပ်ရင်းများကို AA က အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

အမ်းမြို့ထဲက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရုံးရှိရာ ဂွင်တစ်ခုက လွဲပြီး စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့၊ စစ်စခန်းများအားလုံးနှင့် ဌာနဆိုင်ရာရုံးအဆောက်အဦးများအားလုံးကို AA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်နေ့က AA က ထုတ်ပြန်ထားသည်။

အလားတူ တောင်ကုတ်မြို့တွင်လည်း စကခ ၅၊ ခမရ ၅၄၄၊ ခမရ ၃၄၅ တပ်ရင်းတို့ကလွဲပြီး တောင်ကုတ်မြို့ထဲကို ထိန်းချုပ်လိုက်ပြီဟု AA က ထုတ်ပြန်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ