ရခိုင်ပြည် အမ်းမြို့နယ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျရေးအတွက် အာရက္ခတပ်တော် AA ၏ ထိုးစစ်များကို အာဏာသိမ်း စစ်ကောင်စီက ပေါင် ၁၀၀၀ ဗုံးအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုဖြင့် ပြန်လည်ခုခံနေကြောင်း သိရသည်။
အာရက္ခတပ်တော် AA သည် အမ်းလေဆိပ်အပါအဝင် အမ်းမြို့ထဲက ဌာနဆိုင်ရာရုံး အားလုံးနှင့် တပ်ရင်းတပ်ဖွဲ့ စစ်စခန်း ၃၀ ကျော်ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အမ်းမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရုံးရှိရာ ခြံဝန်း (ဂွင်) တစ်နေရာသာ ကျန်ရှိတော့ကြောင်းနှင့် ဆက်လက်ပြီး သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။
“အဲဒီ နပခ ခြံဝန်း မကျစေဖို့ စစ်ကောင်စီဟာ လေကြောင်းက ပေါင် ၁၀၀၀ ဗုံးအသုံးပြုတိုက်ခိုက်နေပါတယ်။ ဂျက်ဖိုက်တာ၊ Y12 လေယာဉ်, Y8 လေယာဉ်တွေနဲ့ နေ့စဉ်တိုက်ခိုက်နေပါတယ်။ AA ကလည်း အမ်းတစ်မြို့နယ်လုံးကို သိမ်းပိုက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေကြပါတယ်” ဟု AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အာဏာသိမ်း စစ်ကောင်စီ အသုံးပြုတိုက်ခိုက်နေသည့် အမ်းတိုက်ပွဲတွင် ပေါင် ၁၀၀၀ ဗုံး ပေါက်ကွဲမှုသည် မီတာ ၅၀ (ပေ ၁၆၀ ကျော်ပတ်လည်) အထိ ကျယ်ပြီး ထိခိုက်ပျက်စီးမှု အလွန်ပြင်းထန်ကြောင်းလည်း သိရသည်။
နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက “စစ်ကောင်စီကတော့ နောက်ဆုံးအခြေအနေနဲ့ ပြန်ခုခံနေတယ်။ AA က နောက်ဆုံးကျန်နေတဲ့ နပခ ဂွင်ကို သိမ်းနိုင်ဖို့ ဗျူဟာအသစ်တစ်ခုနဲ့ ထိုးစစ်ဆင်နေတယ်လို့ သိထားတယ်။ နပခ ဂွင်ထဲမှာ အင်အား အများကြီးရှိတယ်လို့ သိထားတယ်။ စစ်ကောင်စီ စစ်ရုံးကလည်း နပခ ဂွင်ထဲက စစ်သားတွေကို လက်နက်မချဖို့ ပြောထားတယ်လို့ သိရတယ်။ ဒီစစ်ခွေးတွေက တော်တော် သစ္စာရှိကြတယ်” ဟု ပြောသည်။
အမ်းမြို့က AA သိမ်းပိုက်ရန် တစ်ခုတည်းကျန်ရှိနေသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဂွင် (ခြံဝန်း) ထဲတွင် ဒေသခံ အရပ်သားပြည်သူများကို စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်းနှင့် ဒေသခံ အရပ်သားများကိုမူ AA က ကယ်ထုတ်ထားကြောင်း သိရသည်။
နပခ ခြံဝန်းထဲမှာ ရှိနေသည့် စစ်ကောင်စီ တပ်သားများကို အာရက္ခတပ်တော် AA က လော်စပီကာများဖြင့် အော်ပြောပြီး လက်နက်ချခိုင်းထားကြောင်းနှင့် လက်နက်မချသူများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
အမ်းမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် AA ထံ စစ်ကောင်စီတပ်သားများနှင့်အတူ တပ်သားမိသားစုဝင်များ လက်နက်ချအလင်းဝင်လာသူများရှိသလို ဖမ်းဆီးရမိသူများလည်းရှိကြောင်းနှင့် အရေအတွက်ကိုမူ အတိအကျမသိရပေ။
အမ်းမြို့သိမ်းတိုက်ပွဲနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် AA သည် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြင့် မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ စသည့်ဒေသများမှ ပိတ်ဆို့တားဆီးကာ တိုက်ခိုက်နေကြောင်းနှင့် ရခိုင်ရိုးမတောင်အား စစ်ကောင်စီတပ်သားများ လုံးဝ အကျော်မပေးကြောင်း သိရသည်။