Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် မောင်တောမြို့စောင့်တပ် အမှတ် ၅ နယ်ခြားစောင့်တပ်စခန်း (နခခ ၅) ထဲက အင်အား ၁၅၀ ခန့်ဖြင့် ထွက်ပြေးလွတ်မြောက်သွားသော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား အာရက္ခတပ်တော် AA က ဖမ်းဆီးလိုက်ပြီဟု သိရသည်။

မွတ်ဆလင်တပ်သားများနှင့်အတူ ထွက်ပြေးသွားသော ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်း ၅ နာရီခန့်တွင် တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“တိုက်ပွဲထဲမှာ ဖမ်းမိရတာပါ။ တိုက်ပွဲက တိုက်လို့တိုက်လို့ သွားတာ။ သူရိန်ထွန်းက ထွက်ပြေးသွားတာဆိုတော့လေ။ မနေ့က ညနေ ၅ နာရီလောက်မှာ တိုက်ပွဲထဲမှာ ဖမ်းမိပါတယ်။ သူရိန်ထွန်းနဲ့အတူ မွတ်ဆလင်တပ်သားတွေ အပါအဝင် အင်အား ၈၀ လောက်ကို ဖမ်းဆီးရမိပါတယ်။ ဖမ်းမိတဲ့ နေရာက နခခ ကနေ သိပ်မဝေးတဲ့ သီဟိုဠ်ခြံမှာ တိုက်ပွဲဖြစ်ရင်း ဖမ်းမိတာဖြစ်တယ်” ဟု ပြောသည်။

မောင်တောဒေသတွင် နောက်ဆုံးကျန်ရှိနေသေးသော နခခ ၅ တပ်စခန်းကို အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီး နခခ ၅ ထဲက ထွက်ပြေးသွားသော ဗိုလ်မှူးချုပ် သူရိန်ထွန်း ဦးဆောင်သည့် စစ်ကြောင်းကိုလည်း AA က ရှင်းလင်းနိုင်ခဲ့ပြီဟု သတင်းရင်းမြစ်များက ပြောသည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ဖမ်းဆီးရမိခြင်းသတင်းနှင့် ပတ်သက်၍ ဟုတ်မဟုတ်ကို သိရှိနိုင်ရန် ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က ဆက်သွယ်ဆောင်ရွက်နေသည်။

မောင်တောဒေသတစ်ဦးက “ဗိုလ်မှူးချုပ် သူရိန်ထွန်းဟာ မောင်တောဒေသမှာ ဒေသခံ အရပ်သားပြည်သူတွေအပေါ်မှာ တော်တော် ရက်စက်ခဲ့တဲ့ မကောင်းတဲ့ သူတစ်ယောက်ပါ။ မွတ်ဆလင်ပြည်သူတွေ အပေါ်မှာရော၊ တခြားဒေသခံပြည်သူတွေ အပေါ်မှာရော အာဏာ၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ဗိုလ်ကျခဲ့တဲ့ လူဆိုးလူမိုက် တစ်ယောက်ဖြစ်ပါတယ်။ အခုတော့လည်း ဇာတ်သိမ်းသွားပြီပေါ့။ သူ့ကို ဖမ်းဆီးမိတယ်ကြားလို့ ဝမ်းရပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားစေရန် ရခိုင်တိုင်းရင်းသားများနှင့် မွတ်ဆလင်များကြား ပြဿနာများဖန်တီးခဲ့သည့် အဓိက တရားခံမှာ စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းဖြစ်ကြောင်းနှင့် အာရက္ခတပ်တော် AA အပေါ် မွတ်ဆလင်များက ဆန္ဒပြရန်အတွက်လည်း စည်းရုံးလှုံ့ဆော်ခဲ့သူတစ်ဦး ဖြစ်သည်။

သို့သော်လည်း ကစဉ့်ကလျား ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သား အချို့နှင့် ARSA, RSO, ARA တို့က စစ်သွေးကြွမွတ်ဆလင်လက်နက်ကိုင်များမှာ မောင်တောဒေသတွင် ရှိနေသေး၍ တိုက်ပွဲက ဆက်လက်ရှိနေအုံးမည်ဟု သိရသည်။

အာရက္ခတပ်တော် AA ကလည်း စစ်သွေးကြွမွတ်ဆလင်များနှင့် စစ်ကောင်စီတပ်သားများ ထွက်ပြေးလွတ်မြောက်နေသေး၍ ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခွင့်ကို ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့ကစ၍ အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အာရက္ခတပ်တော် AA က ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများ၊ မွတ်ဆလင် လက်နက်ကိုင်များကို ရှာဖွေရှင်းလင်းတိုက်ခိုက်နေပြီး နယ်မြေရှင်းလင်းကို ဆောင်ရွက်လျှက်ရှိသည်ဟု AA က ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ