ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦး ထိမှန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဆမ္မမဆယ်ကျေးရွာကို စစ်ကောင်စီက ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် လက်နက်ကြီး ကျည်သုံးလုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း တအောင်းတပ် TNLA က ယနေ့ ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
ထိုလက်နက်ကြီးကြောင့် ကျေးရွာအတွင်းရှိ အမှတ် (၁) သကြားစက်ရုံဝန်းတွင် (၁)လုံး၊ စက်ရုံဘေးတွင် (၂) လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စက်ရုံဝန်ထမ်း အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦး ထိမှန်ဒဏ်ရာရရှိသွားကြောင်း TNLA က ပြောသည်။
အဆိုပါ ဒဏ်ရာရရှိသည့် အမျိုးသား (၂) ဦးမှာ ဦးခေါင်းတွင် ထိမှန်ဒဏ်ရာရရှိပြီး အမျိုးသမီးမှာ ပေါင်တွင် ထိမှန်ဒဏ်ရာရရှိခြင်းဖြစ်ကြောင်းနှင့် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကား (၂) စီးအပါအဝင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများရှိ ပြည်သူလူထုများ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်မှု မရှိစေရန်အလို့ဌာ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း TNLA က ပြောသည်။