Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ကိုးကန့်ဒေသအတွင်း လက်နက်ချခဲ့သည့် ပြည်သူ့စစ်အဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကိုးကန့်သတင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ (ဓါတ်ပုံ - ကိုးကန့်သတင်း)

အာဏာသိမ်း စစ်ကောင်စီတပ် (မြန်မာစစ်တပ်) က ဒုဗိုလ်မှူးကြီးနှင့် ဒုရဲမှူးအဆင့်မှ အရာရှိအဆင့်ဆင့်၊ အောက်ဆုံးတပ်သားအထိ ၄၇၅ ဦး ယခုနှစ်အတွင်း အလင်းဝင်လာကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သား ၄၇၅ ဦးမှာ ယခုနှစ် အစောကပိုင်းကစ၍ နိုဝင်ဘာလအတွင်းအထိ ဝင်လာကြသော စာရင်းဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ယနေ့ ဒီဇင်ဘာလ ၁၀ ရက် ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သွေးထွက်သံယိုမှု နည်းနိုင်သမျှနည်းနည်းဖြင့် တော်လှန်ရေးအောင်မြင်နိုင်ရေးရှေးရှုပြီး ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ထားကြောင်း ဆိုသည်။

အဆိုပါ ကော်မတီက စစ်ကောင်စီ၏ စစ်ခေါင်းဆောင်များနှင့် လမ်းခွဲပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာမည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို စိစစ်လက်ခံကူညီပေးလျက်ရှိကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

“ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လအတွင်း ပြည်သူ့ရင်ခွင်သို့ ဆက်သွယ်ခိုလှုံဝင်လာသော ခြေလျင်တပ်သား ၃၀၂ ဦး၊ ရေတပ်သား ၁၁ ဦး၊ လေတပ်သား ၁၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၃၃ ဦး၊ အကျဉ်းဦးစီးဝန်ထမ်း ၅ ဦး စုစုပေါင်း ၄၇၅ ဦးရှိခဲ့ကြောင်း၊ ရာထူးအားဖြင့် စစ်တပ်ဘက်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့ဘက်မှ ဒုရဲမှူးအဆင့်အထိ ပါဝင်ခဲ့ကြောင်း၊ အဆိုပါ ၄၇၅ ဦးတွင် ၁၉၁ ဦးမှာ လက်နက်နှင့်အတူ ဝင်ရောက်လာသူများဖြစ်ကြောင်း” ဟု ပြောဆိုထားသည်။

ထို့ပြင် ၁၁ လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူများတွင် စစ်မှုထမ်းဆင့်ခေါ်ခံရသော တပ်သားသစ် စုစုပေါင်း ၃၃ ဦးပါဝင်ကြောင်း သိရသည်။

မြန်မာစစ်တပ် အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီဘက်မှ NUG တပ်သို့ စစ်သား ၃,၇၀၀ ဦးကျော်နှင့် ရဲတပ်ဖွဲ့ဝင် ၁၁,၀၀၀ ဦးကျော် စုစုပေါင်း ၁၅,၀၀၀ ဦးခန့် ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ကြသည်။

ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီပံ့ပိုးပေး လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ပြောဆိုထားသည်။

ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီဖြင့် ချိတ်ဆက်လာခြင်းမရှိဘဲ နည်းလမ်းပေါင်းစုံဖြင့် စစ်ကောင်စီ စစ်ခေါင်းဆောင်များနှင့် လမ်းခွဲခဲ့ကြသူများ၊ တနည်းနည်းဖြင့် တပ်တွင်းအာဏာဖီဆန်မှု ပြုလုပ်နေကြသူများ၊ တပ်အတွင်းမှ တော်လှန်ရေးကို တနည်းတဖုံဖြင့် ကူညီပံ့ပိုးပေးနေကြသူများလည်းရှိကြောင်း ဦးနေဘုန်းလတ်၏ အဆိုအရ သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ