အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည် တောင်ကုတ်မြို့ကို အာဏာသိမ်း စစ်ကောင်စီက ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ် ၈ ဆောင်ထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
ယမန်နေ့ ညနေ ၇ နာရီအချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တစ်စီးနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကံပိုင်ရပ်ကွက်က လူနေအိမ် ၈ လုံးမီးလောင်သွားခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း တောင်ကုတ်မြို့ထဲက လမ်းဆုံ၊ လမ်းခွများနှင့် မြို့ထွက်ပေါက်များကို ဂျက်ဖိုက်တာဖြင့် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ် ၁၅ ဆောင်ထက်မနည်းနှင့် ဘာသာရေးအဆောက်အဦးများ မီးလောင်ပျက်စီးသွားခဲ့ရသည်။
တောင်ကုတ်တက္ကသိုလ်က စစ်ကောင်စီ တပ်စခန်းအပါအဝင် တောင်ကုတ်မြို့ထဲက စစ်ကောင်စီ စစ်စခန်းများအားလုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မြို့နှင့်ကပ်လျှက်ရှိသည့် စကခ ၅ တပ်မနှင့် ခမရ ၅၄၄ တပ်ရင်း၊ ခမရ ၃၄၆ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က နိုဝင်ဘာလ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယခုရက်ပိုင်းအတွင်းမှာလည်း တောင်ကုတ်မြို့၏ တပ်မ စကခ ၅ ကို အာရက္ခတပ်တော် AA က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ပြင်းထန်နေကြောင်းနှင့် စစ်ကောင်စီကလည်း လေကြောင်းပစ်ကူများဖြင့် ပြန်လည်ခုခံတိုက်ခိုက်နေကြောင်း သိရသည်။