Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရန်ကုန်တိုင်းဒေသတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ လူငယ်အမျိုးသားများ မှန်သမျှ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက မိသားစုဝင်များကို ခေါ်ယူ ပြောဆိုနေသည်။

ယခင်ကဲ့သို့ မဲနှိက်ခြင်း၊ ပိုက်ဆံပေးခြင်းများတို့ဖြင့် စစ်မှုထမ်း ကင်းလွတ်ခွင့် ခွင့်ပြုတော့မည် မဟုတ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပြောသည်။

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ် အပါအဝင် မြို့နယ်များအားလုံးတွင် သတ်မှတ်အသက်အရွယ် လူငယ်များအားလုံး စစ်မှုထမ်းရမည်ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးက ပြောဆိုနေခြင်းဖြစ်သည်။

စစ်မှုထမ်းရန် အမည်စာရင်း အသွင်းခံထားရသူ သာကေတမြို့နယ်က လူငယ်တစ်ဦးက “အရင်လို ငွေနဲ့ အစားထိုးလို့မရတော့ဘူး။ လူရှာရတာလည်း ခက်လာပြီ။ အဲဒါကြောင့် ကိုယ့်အလှည့်ရောက်ရင် မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ ခေါ်ပြောတယ်” ဟု ပြောသည်။

မိမိအလှည့်ရောက်လျှင် ယခင်လို လူစားထိုးခြင်း၊ ပိုက်ဆံပေးခြင်းများ ပြုလုပ်၍ မရရှိတော့ကြောင်းနှင့် ရှောင်ပြေးပါက စစ်မှုထမ်းဥပဒေအရ အမှုဖွင့်အရေးယူခံရမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်အကျပ်ကိုင်နေသည်။

စစ်ကောင်စီ ရပ်ကျေးအုပ်ချုပ်ရေးများသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသော လူငယ်အမျိုးသားများရှိသည့် နေအိမ်များမှ လစဉ် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ကောက်ခံကြောင်းလည်း သိရသည်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဒိုင်စုရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းထွဋ်ဝင်းက လူငယ်အမျိုးသားရှိသော အိမ်ထောင်စုတိုင်းကို တစ်လလျှင် ငွေကျပ် ၂၀,၀၀၀ နှုန်း ကောက်ခံနေကြောင်း ပြောဆိုကြသည်။

“အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း ယောက်ျားသားရှိတဲ့အိမ်တိုင်း တစ်ယောက်ကို ငွေ ၂ သောင်းနှုန်း ပေးရမယ်။ တချို့အိမ်‌တွေဆိုရင် လူငယ် ၃ ဦးရှိတော့ ၆ သောင်းပေးရတယ်။ လက်လုပ်လက်စားဘဝနဲ့ အဆင်မ‌ပြေလို့ ပေးစရာမရှိတာ့ အတိုးနဲ့‌ချေး ပးနေကြရတယ်။ အတိုးပေါ်အတိုးဆင့်နဲ့ ဒုက္ခတွေ ရောက်နေကြတာပါ ” ဟု အမည်မဖော်လိုသည့် ရန်ကုန်ဒေသခံတစ်ဦးက​ ဆိုသည်။

အလားတူ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးကျော်နိုင်က ရပ်ကွက်အတွင်းမှ စစ်မှုထမ်းရန် အကျုံးဝင်သော လူငယ်တိုင်းကို စစ်တပ်ထံသို့ စာရင်းပေးပို့ထားပြီးဖြစ်၍ စစ်တပ်က ခေါ်လာသည်နှင့် သွားရောက် အမှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းမည့် မိသားစုနှင့် လူငယ်ကို ထောက်ပံ့ရန်ဟုဆိုကာ ရပ်ကွက်အတွင်းမှ အိမ်ထောင်စုတိုင်းကို ငွေကြေးကောက်ခံနေကြောင်း သိရသည်။

ထို့ပြင် ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက်တွင်လည်း အုပ်ချုပ်ရေးမှူး ညီညီထွေးက စစ်မှုထမ်းဆင့်ခေါ်စာဖြင့် ရပ်ကွက်ရုံးသို့ လူငယ်များကိုဆင့်ခေါ်ပြီး အိမ်ပြန်မလွှတ်တော့ဘဲ စစ်တပ်ထဲသို့ တပ်သားသစ်များအဖြစ် ပို့ဆောင်နေကြောင်း၊ နာမည်စာရင်း ပါနေသူများအနေဖြင့်လည်း အလှည့်ကျ၍ စစ်မှုမထမ်းပါက မိသားစုဝင်များကို ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။

(ရန်ကုန်ခေတ်သစ်မီဒီယာသည် Western News ၏ မိတ်ဖက်အဖွဲ့ဖြစ်သည်)

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ