Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ARSA ဖမ်းဆီးထားသည့် ဘူးသီးတောင်နှင့် ရသေ့တောင်က ဒေသခံပြည်သူ ၅ ဦး။

စစ်သွေးကြွ ARSA မွတ်ဆလင် လက်နက်ကိုင်တပ်ဖွဲ့က ရခိုင်ပြည် ရသေ့တောင်နှင့် ဘူးသီးတောင်ဒေသခံ အရပ်သား ၅ ဦးကို ဖမ်းဆီးပြီး နှိက်စက်ထားသည်ကို ဗီဒီယို တစ်ခုကို ARSA က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။

အရပ်သား ၅ ဦး ဖမ်းဆီးခံရသည့် ရက်စွဲကို Western News က အတိအကျမသိရသေးသော်လည်း အဆိုပါ ဒေသခံ ၅ ဦးကို ARSA က ဖမ်းဆီးထားသည့် ရုပ်သံဖိုင်မှာ ဒီဇင်ဘာလ ၅ ရက်နေ့ကစ၍ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည်။

ဖမ်းဆီးခံထားရသူ ၅ ဦးမှာ ARSA အဖွဲ့၏ ညှဉ်းပန်းနှိပ်စက်မှုဟု ယူဆရသည့် မျက်နှာတွင် သွေးထွက်သံယိုဒဏ်ရာများ၊ ဖူးရောင်နေသည့် ဒဏ်ရာများကို ရုပ်သံဖိုင်မြင်ကွင်းအရ တွေ့မြင်ရပြီး AA နှင့်ပတ်သက်၍ ပြောဆိုသည်ကိုလည်း တွေ့ရသည်။

၎င်းတို့ ၅ဦးမှာ ရသေ့တောင်မြို့နယ် ကုန်းတန်းကျေးရွာက အသက် ၅၈ နှစ်အရွယ် ဦးလှယေမောင်၊ အသက် ၅၇ နှစ်အရွယ် ဦးညိုသာစိန်နှင့် ဘူးသီးတောင်မြို့နယ် ဆင်စွယ်ရ (သက္ကမ) ကျေးရွာက အသက် ၂၂ နှစ်အရွယ် ကိုမောင်မောင်၊ အသက် ၂၆ နှစ်အရွယ် ကိုရဲကိုကိုနှင့် အသက် ၃၉ နှစ်အရွယ် ဦးဦးလှဝင်းတို့ ဖြစ်ကြသည်။

အပြစ်မဲ့ပြည်သူ ၅ ဦးကို ARSA လက်နက်ကိုင်အဖွဲ့က ခြိမ်းခြောက်အကျပ်ကိုင်ထားသည်ဟု ယူဆရပြီး ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင်ရှိ အာရက္ခတပ်တော် AA အနေဖြင့် တပ်ပြန်ဆုတ်ရန် ၎င်းတို့က တောင်းဆိုထားကြသည်။

ဖမ်းဆီးခံထားရသူများထဲက ရသေ့တောင်ဒေသခံတစ်ဦးက “ဘူးသီးတောင်၊ မောင်တောမှာ ARSA တွေ အင်အားများတယ်။ ငါတို့တပ်တွေကို ရုပ်သိမ်းရမယ်။ အခု ငါတို့ကို ဖမ်းထားပြီ။ ဒါကြောင့် မင်းတို့ နောက်ဆုတ်ပေးပါ။ ဒီမှာက ARSA တွေ အင်အား အရမ်းများတယ်။ တိုက်လို့နိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့ နောက်ဆုတ်ပေးပါ” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူများထဲက နောက်ထပ် ရသေ့တောင်ဒေသတစ်ဦးကလည်း ၎င်းတို့ကို အာရက္ခတပ်တော် AA အနေဖြင့် လာကယ်ထုတ်ပေးစေလိုကြောင်း တောင်းဆိုထားသည်။

“ငါတို့ကို ARSA က ဖမ်းထားတယ်။ လာကယ်ပေးပါ။ ရခိုင်ပြည် လွတ်မြောက်ရေးရပြီလို့ ဘာလို့ပြောနေကြတာလဲ။ ARSA ကို မတိုက်ဖို့ ပြောချင်တယ်။ ရခိုင်ပြည် လွတ်မြောက်ရေးရဖို့ အခြေအနေမရှိဘူး။ ဘူးသီးတောင်၊ မောင်တောမှာ ARSA တွေ အများကြီးပဲ။ ARSA ကိုတိုက်လို့ လွတ်လပ်ရေးရမှာ မဟုတ်ဘူး” ဟု တောင်းဆိုထားသည်။

ရခိုင်ဒေသခံများကို ARSA က မည်သို့မည်ပုံ ဖမ်းဆီးသွားခြင်းကို မသိရသော်လည်း ဗီဒီယိုဖိုင်ပျံ့နှံ့ပြီးနောက်ပိုင်း မိသားစုဝင်များမှာ ၎င်းတို့အတွက် စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

အာရက္ခတပ်တော် AA သည် ဘူးသီးတောင်နှင့် ရသေ့တောင်ကို ပြီးခဲ့သည့် လအနည်းငယ်ခန့်ကတည်းက သိမ်းပိုက်ထားပြီး ယခု ဒီဇင်ဘာလ ၈ ရက်နေ့က မောင်တောဒေသတစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီဟု AA က ထုတ်ပြန်ထားသည်။

ဘူးသီးတောင်၊ မောင်တောဒေသတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လွတ်မြောက်နေသည့်အပြင် စစ်ကောင်စီ သင်တန်းပေးထားသော မွတ်ဆလင်လက်နက်ကိုင်အချို့နှင့် စစ်ကောင်စီ ကျော့ထောက်နောက်ခံပြုပေးထားသည့် ARSA, RSO, ARA တို့လည်း ထွက်ပြေးလွတ်မြောက်နေကြောင်း AA က ပြောဆိုထားသည်။

ထိုကြောင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အပါအဝင် မွတ်ဆလင်လက်နက်ကိုင်များအားလုံးကို ရှင်းလင်းရေးပြုလုပ်နေကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ပြောဆိုထားသည်။

ယခု လက်ရှိ ARSA က ဘူးသီးတောင်နှင့် ရသေ့တောင်မှ အပြစ်မဲ့ ဒေသခံပြည်သူများကို ဖမ်းဆီးထားသည့် အခြေအနေ၊ ၎င်းတို့တောင်းဆိုထားသည့် အခြေအနေနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်များ သိရှိနိုင်ရန် ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က ဆက်သွယ်နေဆဲဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ