အင်အား ၇၀၀ ကျော်နှင့် မိုင်းပေါင်း ၁၀၀၀ ကျော်ဖြင့် ကာရံထားသော ရခိုင်ပြည် မောင်တောမြို့စောင့်တပ် နယ်ခြားစောင့်တပ်စခန်း နခခ ၅ ကို အာရက္ခတပ်တော် AA က တစ်လက်မချင်းတိုး၍ တိုက်ခိုက်ခဲ့ရသည်ဟု ပြောဆိုထားသည်။
မောင်တောမြို့ကို စက်တင်ဘာလ ၈ ရက်နေ့ကတည်းက သိမ်းပိုက်ရရှိခဲ့သော်လည်း မြို့စောင့်တပ် နခခ ၅ ကိုမူ ဒီဇင်ဘာလ ၈ ရက်နေ့မှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီသည် မောင်တော နခခ ၅ တပ်စခန်းကို အင်အား ၇၀၀ ကျော်ဖြင့် တပ်စွဲထားသလို စခန်းပတ်ပတ်လည်ကိုလည်း သံဆူးကြိုး နှစ်ထပ်ဖြင့် ကာရံထားသည်။
အချို့နေရာများတွင် ပေ ၂၀ ခန့်ကျယ်သော ရေမြောင်းများကို ဖောက်လုပ်ထားပြီး စူးချွန်များထောင်ထားကြောင်းနှင့် ထောင့်မှန်စတုဂံ ပတ်လည်ပုံစံရှိ လေးဖက်လေးတန်တွင် အခိုင်အမာ တည်ဆောက်ထားသော ဘန်ကာ ၂၀ ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရသည်။
ယင်းအပြင် စခန်းအတွင်း၌ ခိုင်ခံ့ထူထပ်သော အဆောက်အအုံကြီး ၃၀ ကျော်လည်း ပါဝင်ကြောင်းနှင့် သဘာဝတရား၏ အကာအရံအဖြစ် စခန်းရှေ့ပတ်ပတ်လည်နီးပါးတွင် ချောင်းတစ်ခု ကာဆီးထားပြီး အလွယ်တကူ ဖြတ်သန်းရန် မလွယ်ကူသောအနေအထားမျိုးဖြင့် တည်ရှိသော စခန်းကြီးဟု AA က ပြောသည်။
သို့သော်လည်း AA တပ်ဖွဲ့ဝင်များအနေဖြင့် တစ်လက်မချင်းတိုး၍ ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး နခခ ၅ ထဲက စစ်ကောင်စီ ထောင်ထားသော M14 မိုင်းပေါင်း ၁၀၀၀ ကျော်ကို ရှင်းလင်းခဲ့ရသည်ဟု ဆိုသည်။
“အာရက္ခမိုင်းရှင်းလင်းရေးစစ်သည်တော်အချို့လည်း အသက်နှင့်ကိုယ်လက်အင်္ဂါတို့ကို စွန့်လွှတ်ပေးဆပ်ခဲ့ရသည်” ဟု AA က ထုတ်ပြန်ထားသည်။
နခခ ၅ တပ်စခန်းအပါအဝင် မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ စစ်ကောင်စီ သင်တန်းပေးထားသော စစ်သွေးကြွမွတ်ဆလင်လက်နက်ကိုင်များလည်း AA က တိုက်ခိုက်ခဲ့ကြသည်။
ဆက်လက်ပြီး စစ်ကောင်စီက ကျော့ထောက်နောက်ခံပြုထားသော စစ်သွေးကြွ မွတ်ဆလင်လက်နက်ကိုင်များဖြစ်ကြသည့် ARSA, RSO, ARA တို့ကလည်း အာရက္ခတပ်တော် AA ကို တိုက်ခိုက်ခဲ့ကြသည်။
သို့သော်လည်း မောင်တောဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် မွတ်ဆလင်လက်နက်ကိုင်များ အားလုံးကို AA က ရှင်းလင်းနိုင်ခဲ့ကာ လက်ရှိတွင် မောင်တောမြို့နယ်တစ်ခုလုံးအား သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလည်ဖြစ်သည်။
မောင်တောမြို့စောင့်တပ် နခခ ၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အား ၇၀၀ ကျော်ထဲက ၄၅၀ အထက်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း AA က ပြောသည်။
ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၁၅) မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ ဦးစီးအရာရှိ၊ တပ်ကြပ်များအပါအဝင် မွတ်ဆလင်လက်နက်ကိုင်များနှင့် စစ်လက်နက်ခဲယမ်း အများအပြားကို ဖမ်းဆီးရမိခဲ့သည်ဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။
မောင်တောမြို့သိမ်းတိုက်ပွဲမှာ တပ်မဟာအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းခဲ့ကြောင်းနှင့် ကျဆုံးသွားသော အာရက္ခစစ်သည်များ၊ ရဲဘော်များနှင့် ဒဏ်ရာရရှိခဲ့သူများကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်အပ်ကြောင်းလည်း AA က ပြောဆိုထားသည်။