စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် တော်လှန်တိုက်ခိုက် သကဲ့သို့ ကျားမအခြေပြု အကြမ်းဖက်မှုများကိုလည်း တော်လှန်တိုက်ထုတ်ကြရန် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ခေါင်းဆောင် မောင်ဆောင်းခက ပြောသည်။
BPLA က လစဉ်ထုတ်ဝေနေသော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထုတ် “ဗမာသူပုန်” စာတွင် မောင်ဆောင်းခက ယင်းကဲ့သို့ တိုက်တွန်းပြောဆိုထားသည်။
“ဖိုဝါဒကြီးစိုးမှု၊ လူမျိုးကြီးဝါဒ၊ အစွန်းရောက်အမျိုးသားရေးဝါဒနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုတွေဟာ စစ်အာဏာရှင်စနစ်ရဲ့ ထောက်တိုင်တွေ ဖြစ်တာကြောင့် ဒီစနစ်နဲ့ ဒီခံယူချက်အတွေးအခေါ်တွေကိုပါ တခါတည်း တော်လှန်တိုက်ထုတ်သွားကြဖို့ လိုအပ်ပါတယ်” ဟု ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ ရှိလာခဲ့သော ပဋိပက္ခများ၊ ပြည်တွင်းစစ်များနှင့် စစ်အာဏာရှင်စနစ်များ သက်ဆိုးရှည်နေရသည့် အခြေခံအကြောင်းတရားများထဲတွင် ဖိုဝါဒကြီးစိုးမှုကလည်း တခုအပါအဝင်ဖြစ်ကြောင်း မောင်ဆောင်းခက ပြောသည်။
“မြန်မာပြည် နိုင်ငံရေးအခင်းအကျင်းကို ကြည့်လိုက်ရင် စစ်တပ်၊ နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေမှာ အမျိုးသားတွေသာကြီးစိုးနေခဲ့ကြတာဖြစ်သလို မူဝါဒ၊ အတွေးအခေါ်နဲ့ ခံယူချက်တွေဟာလည်း အမျိုးသားအခြေပြုများပြီး အမျိုးသမီးနဲ့ အခြားသော လိင်စိတ်ခံယူမှု ကွဲပြားသော သူများရဲ့ပါဝင်မှုနဲ့ သူတို့အတွက် ထည့်သွင်းစဉ်းစားမှုတွေဟာ အင်မတန်ကိုနည်းနေပါသေးတယ်” ဟု ဆိုသည်။
မည်သို့ပင် နောက်ပို့ခံထားရသော်လည်း ခေတ်အဆက်ဆက် ဖိနှိပ်မှုများ၊ အာဏာရှင်စနစ်များကို တော်လှန်ခဲ့ကြသည့်နေရာတွင် အမျိုးသမီးများမှာ အမျိုးသားများထက် မလျော့သည့် အင်အားနှင့် ကျရာတာဝန်ကို ထမ်းခဲ့ကြသည်ကို မမေ့မလျော့ အသိအမှတ်ပြုရန် လိုအပ်ကြောင်းလည်း BPLA ခေါင်းဆောင် မောင်ဆောင်းခက တိုက်တွန်းထားသည်။
ယခုလက်ရှိ နွေဦးတော်လှန်ရေးတွင်လည်း အမျိုးသမီးများမှာ မြေပြင်ဆန္ဒပြပွဲများကစ၍ လက်နက်ကိုင် တော်လှန်ရေးအထိ ကဏ္ဍပေါင်းစုံကနေ တိုက်ပွဲဝင်နေကြဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ BPLA မှာဆိုရင်လည်း တပ်ရဲ့ အရေးပါတဲ့၊ ဆုံးဖြတ်ချက်ချရတဲ့ ခေါင်းဆောင်ပိုင်း တပ်မှူးနေရာတွေမှာ အမျိုးသမီးတွေဟာ ၄ဝ ရာခိုင်နှုန်းအထိရှိပါတယ်။ ဒါဟာ မတတ်သာလို့ မူဝါဒအရ အိမ်ဖြည့်ရုံထည့်ထားရတဲ့ သဘောမျိုးမဟုတ်ဘဲ တကယ်ကို လုပ်ပိုင်ခွင့်၊ ဦးဆောင်ခွင့်တွေ ရှိနေတာဖြစ်ပါတယ်။ အမျိုးသမီးတွေမပါဘဲ တော်လှန်ရေးဟာ ဒီနေ့အထိ ခရီးမရောက်ခဲ့နိုင်သလို၊ အမျိုးသမီးတွေမပါရင်လည်း တော်လှန်ရေးဟာ အောင်မြင်ဖို့ ခဲယဉ်းတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
ဖိုဝါဒကြီးစိုးမှုရှိနေသရွေ့ စစ်အာဏာရှင်စနစ်သည် ခိုင်မာအားကောင်းနေအုံးမှာဖြစ်သလို စစ်အာဏာရှင် စနစ်အားကောင်းနေသရွေ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုများမှာလည်း အလှမ်းဝေးနေဦးမည်ဟု BPLA ခေါင်းဆောင် မောင်ဆောင်းခက ပြောဆိုထားသည်။