Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓာတ်ပုံ - ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်းပွဲ တက်ရောက်ခဲ့သည့် မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်။ (ဓါတ်ပုံ - cincds)

မန္တလေးတိုင်း ပြင်ဦးလွင်မှာ ယခု ဒီဇင်ဘာလအတွင်း ကျင်းပမည့် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲအခမ်းအနားကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည်ဟု တပ်တွင်းသတင်းရင်းမြစ်များက ပြောသည်။

ထိုကြောင့် ပြင်ဦးလွင်မြို့အတွင်းနှင့် ရုက္ခဗေဒဥယျာဉ်အနီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းပုန်းဝပ်နိုင်ရန် လမ်းဘေးခွေများအားလုံးကို စီမံချက်ဖြင့် အဆိပ်ချ သတ်ဖြတ်နေကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနက သိရသည်။

ဒီဇင်ဘာလ မကုန်မီ ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲတော်ကို ကျင်းပမည်ဖြစ်၍ ဒီဇင်ဘာလ အစောပိုင်းကတည်းက လမ်းဘေးခွေးများကို မြို့နယ်စည်ပင်ဌာနက သတ်ဖြတ်နေခြင်းဖြစ်သည်။

မြို့နယ်စည်ပင်အရာရှိတစ်ဦးက ” ခွေးလေ ခွေးလွင့်တွေကြောင့် လုံခြုံရေးကင်းပုန်းဝပ်ရာမှာ အနှောင့်အယှက်မဖြစ်စေဖို့ အဆိပ်ချ ရှင်းလင်းဖို့ နယ်မြေတပ်ရင်းကနေ စာထုတ်ပါတယ်။ အဲဒါကြောင့် စီမံချက်နဲ့ ရှင်းလင်းနေရပါတယ်” ဟု ရှင်းပြသည်။

ရုက္ခဗေဒဥယျာဉ်အနီး ပတ်ဝန်းကျင်အပြင် ပြင်ဦးလွင် မြို့တွင်းမြို့ပြင် အန္တရာယ်ရှိနိုင်သော နေရာများအားလုံးတွင် ကင်းပုန်းဝပ်များချထားကာ လုံခြုံရေးကိုပုံမှန်ထက် တိုးချထားမည်ဟု သတင်းရင်းမြစ်များက ပြောဆိုကြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခု ဒီဇင်ဘာလ ၁၂ ရက်က ပြင်းဦးလွင် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ယခု နောက်ထပ်တစ်ကြိမ် ပြင်ဦးလွင်ကို လာမည်ဖြစ်သည်။

ပြင်ဦးလွင်မြို့ခံတစ်ဦးက “မင်းအောင်လှိုင်သွားမယ့် လမ်းတစ်လျှောက် ခွေးတွေ ရှင်းတာအပြင် ကင်းပုန်းဝပ်တာတွေ အနှောင့်အယှက်မဖြစ်အောင်ဆိုပြီး အဆိပ်ခတ် အမဲတုံးတွေ လိုက်ချပြီး ခွေးတွေ ရှင်းနေတာ။ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာလည်း စည်ပင်၊ ရဲနဲ့ ပြည်သူ့စစ်တွေက ခွေးတွေကို အဆိပ်လိုက်ချတယ်။ လမ်းတွေပေါ်မှာတော့ ခွေးတွေလည်း သေနေကြတယ်။ ဘုန်းကြီးကျောင်းက မွေးထားတဲ့ ခွေးတွေလည်း သေကုန်ကြတာ။ လူတင်မကဘူး ခွေးတွေပါ ဒုက္ခပေးနေတာ။ ခွေးတွေပါ မကျန်အောင်ဒုက္ခ ပေးနေတာ” ဟု ပြောသည်။

ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲတော်ကို တက်ရောက်ရန် မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြင်ဦးလွင်သို့ လာရောက်မည်ဟု လျာထားကြောင်းနှင့် လုံခြုံရေးအခြေအနေအရ ရက်အပြောင်းအလဲ ရှိနိုင်ကြောင်း သတင်းရင်းမြစ်များက ပြောဆိုကြသည်။

မြန်မာစစ်တပ် (စစ်ကောင်စီ) သည် မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်ဖွဲ့များထံ စစ်ရှုံးနေ၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် အမျိုးသားရေးအစွန်းရောက်များနှင့် စစ်လော်ဘီများက ညံ့ဖျင်းသော ခေါင်းဆောင်အဖြစ် အပြင်းအထန် ဝေဖန်မှုများရှိနေသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ပွဲတက်မပြတ်ဘဲ အခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ် လှည့်လည်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိနေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ