မကွေးတိုင်း ပခုက္ကူမြို့နယ် ရေလာလေးကျေးရွာက စစ်ကောင်စီ စစ်စခန်းကို ကျောင်းသားတပ် SAF နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲကို အမှတ် ၈ စစ်ကြောင်း ဦးဆောင်မှုဖြင့် SAF, EPDF, PLA, အနောက်မြောက် စစ်ဒေသ အထူးတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်းနှင့် KRF တို့က ဒီဇင်ဘာလ ၁၁ ရက် နံနက်ပိုင်းတွင် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ ၇ ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက် ၁၈ လက်နက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
၆၀ မမ စိန်ပြောင်း ၁ လက် ၊ MA2 သေနတ် ၁ လက် ၊ MA3 သေနတ် ၁ လက် ၊ M2 ကာဘိုင် သေနတ် ၁၂ လက် ၊ရှော့ဂန်း ၃ လက် ၊ ၅ ဒသမ ၅၆ လက် လုပ် သေနတ် ၁ လက်၊ ကျည်ဘောက် ၁၀ ဘောက်၊ ကျည်မျိုးစုံ နှစ်ထောင် ဝန်းကျင်နှင့် စစ်အသုံးအဆောင် ပစ္စည်းများဖြစ်သည်။
ထို့ပြင် မီးစက် ၁ လုံး၊ ရေစက် ၁ လုံး၊ ရွှေဆွဲကြိုး ၁ ကုံး၊ လက်စွပ် ၂ ကွင်း၊ နားကပ် ၁ ရံ၊ ရေခဲသေတ္တာ ၁ လုံး၊ ကား ၁ စီး၊ ငွေကျပ် ၁၄၅ သိန်း၊ ဒေါ်လာ ၁၀၂ ဒေါ်လာ၊ ထိုင်းဘတ် ၇၀ တို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
EPDF တာဝန်ရှိသူတစ်ဦးက “စစ်ခွေးသေဆုံးမှု မျက်မြင်ကတော့ ၆ ဦးပါ။ အမှတ် ၈ စစ်ကြောင်းဦးဆောင်မှုနဲ့ ကျောင်းသားတပ် ပခုက္ကူ local တပ်ရင်းတွေ စုပေါင်းတိုက်ခိုက်ခဲ့တာပေါ့။ လက်နက်ကိုင် pdf တွေ အခုလို စုပေါင်းတိုက်ရင် မြန်မြန်ပြီးလာနိုင်မယ် ထင်ပါတယ်” ဟု ရှင်းပြသည်။
ပခုက္ကူတွင် တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းတိုက်ခိုက်မှုသည် အောင်မြင်မှု၏ သော့ချက်တစ်ခုဖြစ်ကြောင်း အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ရန်သူစစ်အုပ်စုကို တိုက်ခိုက်ဖို့အတွက် မတူတာတွေ ဘေးဖယ်ပြီး တူတာတွေ တွဲလုပ်ကြတယ်လို့ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ စစ်စခန်းကို တိုက်ခိုက်ရာတွင် တပ်စခန်းနှင့်ဘန်ကာများကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက တဆင့်ချင်း တိုက်ခိုက်ချေမှုန်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၄ ကြိမ်တိတိ ဗုံးကျဲပစ်ကူပေးခဲ့သည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးနှင့် ဒေသနေပြည်သူ ၃ ဦး တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း အမှတ် ၈ စစ်ကြောင်းအဖွဲ့ ဝင် ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ (SRF) မှ တပ်စိပ်မှူး ရဲဘော်ထောင့်မကျိုး (ခ) ရဲဘော်ဟိန်း မင်းခန့် နှင့် ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော် ကိုထက် တို့ ကျဆုံးခဲ့ကြောင်း သိရသည်။