Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - တကျော့ပြန်တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော ရခိုင်ပြည်သူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက တွေ့ရစဉ်။ (ဓါတ်ပုံ - CJ)

ဧရာဝတီတိုင်းဒေသ ပုသိမ်ခရိုင်အတွင်း အိုးအိမ်စွန့်ခွာ ခိုလှုံနေကြသော ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင်များကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များက နှင်ထုတ်နေကြောင်း စုံစမ်းသိရသည်။

ပုသိမ်ခရိုင်ရှိ ရွှေသောင်ယံ၊ ချောင်းသာ စသည့် ဒေသများက စစ်ရှောင်ရခိုင်ပြည်သူများကို တစ်ပတ်အတွင်း ပြောင်းရွှေ့ရမည်ဟု ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရသည်။

အမည်မဖော်လိုသည့် ဂွမြို့ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ” အခုလ ၁၄ ရက်နေ့က ရခိုင်တွေအကုန် တစ်ပတ်အတွင်း ပြောင်းပေးရမယ်လို့ပြောတယ်။ အခုလက်ရှိ နေနေတဲ့ နေရာတွေကပေါ့။ ဒါပေမယ့် ရခိုင်ဘက်ကိုတော့သွားလို့မရဘူး။ သွားရင်တာဝန်မယူဘူးဆိုပြီးပြောတယ်။ နောက် ဒီနေ့ (ဒီဇင်ဘာ ၁၆ ရက်) မှာတော့ မသွားချင်တဲ့သူတွေနေလို့ ရတယ်လို့ပြောတယ်။ ဒါပေမယ့် ပင်လယ်ထဲကိုတော့ ဆင်းလို့မရဘူးလို့ဆိုတယ်” ဟု ပြောသည်။

ရခိုင်ပြည် သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင်အများစုမှာ ဧရာဝတီတိုင်း ပုသိမ်ခရိုင်ဘက်သို့ စစ်ဘေးရှောင်အဖြစ် သွားရောက်ခိုလှုံနေကြခြင်းဖြစ်ပြီး ထိုသူများကို စစ်ကောင်စီ၏ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ငွေတောင်းခြင်း၊ အလုပ်ကိုင်များကန့်သတ်ခြင်း အပါအဝင် လက်ရှိ ရွေ့ပြောင်းခိုင်းခြင်းများကိုပါ လုပ်ဆောင်လာခြင်းဖြစ်သည်။

ထိုကဲ့သို့ အကြောင်းရင်းများကြောင့် ပုသိမ်ရောက် ရခိုင်စစ်ဘေးရှောင်များမှာ များစွာအခက်ကြုံလျှက်ရှိနေကြရသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

“ကျနော်တို့ကို ပြောင်းခိုင်းပေမယ့် ရွေ့ပြောင်းနိုင်တဲ့အနေအထား ကျနော်တို့မှာမရှိပါဘူး။ ပိုက်ဆံလည်းမရှိကြတော့ဘူး။ ဒီမှာပဲကြုံတဲ့အလုပ်လုပ်ပြီး ကပ်ခိုနေကြရတော့မှာပဲ။ ဖြစ်နိုင်ရင် ကိုယ်ရွာကိုပဲပြန်ချင်ကြတော့တယ်။ သေသေပျောက်ပျောက်ပေါ့” ဟု ပြောသည်။

ပုသိမ်ဘက်သို့ ရခိုင်မှ စစ်ဘေးရှောင်သွားသည့် ဦးရေမှာ ထောင်ချီရှိပြီး ထိုသူများမှာ ထောက်ပံ့မှုတစ်စုံတစ်ရာမျှမရကြသည့်အပြင် စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် ဘဝရပ်တည်ရေး များစွာခက်ခဲလျှက်ရှိနေကြရသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

preload imagepreload image