ဧရာဝတီတိုင်းဒေသနှင့် နယ်နမိတ်ချင်း ထိစပ်နေသော ရခိုင်ပြည် ဂွမြို့ထဲသို့ အာရက္ခတပ်တော် AA ၏ ထိုးစစ် ဝင်ရောက်လာပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရင်းများမှာ အပြင်းအထန် ခုခံတိုက်ခိုက်နေကြသည်။
တစ်ဆက်တည်းမှာပဲ ဂွမြို့နယ်ရှိ ရခိုင်ရိုးမတောင်တန်းနှင့် ထိစပ်နေသော ဧရာဝတီတိုင်းဒေသရှိ မြို့နယ်များဒေသတွင် AA နှင့် PDF များ စိမ့်ဝင်မှုမရှိစေရန် လုံခြုံရေးကင်းများကို ယခင်ထက် ပိုမိုတိုးချကာ တင်းကျပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအပြင် ဧရာဝတီတိုင်း မြို့တော် ပုသိမ်းမြို့ပေါ်နှင့် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း ဝန်ထမ်းများ မလိုအပ်ဘဲ ယူနီဖောင်းဝတ်သွားလာခြင်း မပြုလုပ်ရန်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညွှန်ကြားထားကြောင်း သတင်းရင်းတစ်ဦးက ပြောသည်။
“ခရီးသွားလာတာတွေ သတိထားဖို့၊ မလိုလားအပ်တဲ့ နေရာတွေမှာ ယူနီဖောင်းဝတ် သွားလာတာတွေ မလုပ်ဖို့၊ ဝန်ထမ်းကတ်တွေကို ခရီးဝေးသွားတဲ့အခါမှာ ထားရစ်ဖို့ လုံခြုံရေး သတိပြုဖို့ ဌာနတွင်း ညွှန်ကြားတာပါ” ဟု ပုသိမ်မှ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။
ဂွမြို့နယ်၊ ရခိုင်ရိုးမနှင့် ဆက်စပ်လျက်ရှိသော ငါးသိုင်းချောင်း၊ သာပေါင်း၊ ချောင်းသာ၊ ရေကြည်၊ ကြံခင်းနှင့် မြန်အောင်မြို့နယ်တို့တွင် လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း သိရသည်။
စစ်ဘေးရှောင်များကို အထူး တင်းကျပ်စွာ စိစစ်ရန်နှင့် ဂိတ်အဝင်အထွက်များကို တင်းကျပ်စွာ စစ်ဆေးရန် ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်များက ပြောဆိုကြသည်။
အထူးသဖြင့် လက်နက်ခဲယမ်း သယ်ယူမှုများမရှိစေရေး ဆောင်ရွက်ပြီး ရခိုင်ဘက်သို့ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီများ မရောက်ရှိအောင် တင်းကျပ်စွာ ဆောင်ရွက်ရမည်ဟု စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရသည်။
အာရက္ခတပ်တော် AA ကလည်း ဂွမြို့နှင့် ငသိုင်းချောင်းအကြားရှိ ရိုးလမ်းကို ဖြတ်တောက် ပိတ်ဆို့ထားလိုက်ပြီး ဒေါင်းချောင်းဂိတ်အနီးတွင် ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက် နေ့လယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။
ကျိန္တလီမြို့နှင့် ဂွမြို့ကြားတွင်ရှိသော စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကို ချေမုန်းတိုက်ခိုက်ပြီးနောက် အာရက္ခတပ်တော် AA သည် ဂွမြို့မှာရှိသည့် စစ်ကောင်စီ၏ ခမရ ၅၆၂ တပ်ရင်းနှင့် ခမရ ၅၆၃ တပ်ရင်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်ကို ဖွဲ့စည်းထားပြီး မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များဖြင့် လက်တွဲ၍ စစ်ကောင်စီအား တိုက်ခိုက်ရန် ညွှန်ကြားထားကြောင်း သိရသည်။
ဧရာဝတီ PDF များကလည်း AA ၏ ဂွမြို့သိမ်းတိုက်ပွဲတွင် ဧရာဝတီဘက်ခြမ်းက စစ်ကောင်စီတပ်ရင်းများကို ဖြတ်တောက်တိုက်ခိုက်မှုများရှိသလို မဟာမိတ် EROs များနှင့် လက်တွဲ၍ ဧရာဝတီ တိုင်းအတွင်း တိုက်ပွဲများ ဝင်ရောက်နေပြီဖြစ်သည်။