Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရှမ်းမြောက် တအောင်းဒေသ တအောင်းတပ် TNLA မှာ အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် ၄ သင်တန်းဆင်းပွဲနှင့် အပတ်စဉ် ၅ ဗိုလ်သင်တန်းဖွင့်အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့က တအောင်းပြည်တစ်နေရာမှာ ပြုလုပ်ခဲ့သည်။

အပတ်စဉ် ၄ အလုပ်သင်ဗိုလ်သင်တန်းကို ၁၃၂ ဦးနှင့် ပြုလုပ်ခဲ့ပြီး ၁၈ လကြာသင်တန်းပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသားများထဲက ၁၂ ဦးမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် အသက်ပေးလှူသွားခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

အပတ်စဉ် ၅ အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲကိုမူ သင်တန်းသား ၁၃၅ ဦးဖြင့် ဖွင့်လှစ်ထားကြောင်း သိရသည်။

PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က “အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်းများသည် လက်ရှိတအာင်းပြည်၏ စစ်ရေးနိုင်ငံရေးကို ကိုယ်တိုင်နှဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ပြီဖြစ်သည့်အတွက်ကြောင့် စစ်ရေးတစ်ခုတည်းတင်မကဘဲ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားလုပ်ငန်းဌာနများ၌ တာဝန်ထမ်းဆောင်ရာတွင် တအာင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောစေရန် ယခုသင်တန်းဆင်းသည့် အရာရှိများ၏ လက်ထဲတွင်ရှိကြောင်း မည်သည့်နေရာ ဌာနတွင်မဆို ကျရာတာဝန်ကို စနစ်တကျ တိုးတက်အောင်ဆောင်ရွက်ကြရန်”ဟု တိုက်တွန်းထားသည်။

စစ်ကောင်စီကို တအာင်းမြေမှ တိုက်ထုတ်နိုင်ခဲ့ပြီး တအာင်းပြည်၏ အုပ်ချုပ်ရေးယန္တရားများအား တာဝန်ယူရတော့မည့်အချိန်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများကို ယခင်ကထက် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ပြီး မိဘပြည်သူများ အန္တရာယ်အတွင်း မကျရောက်စေရန် TNLA တွင် တာဝန်ရှိကြောင်း ဗိုလ်ချုပ် တားဘုန်းကျော်က ပြောကြားသည်။

ထို့အပြင် PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန် ကလည်း သင်တန်းဆင်းပွဲအခမ်းအနားသို့ စစ်ရေးစီမံခန့်ခွဲမှု လုပ်ငန်းကိစ္စကြောင့် မတက်ရောက်နိုင်ခဲ့၍ သဝဏ်လွှာပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် “ယနေ့သည် တအာင်းတမျိုးသားလုံးအတွက် အင်မတန် တန်ဖိုးကြီးသည့် ရက်ကောင်းရက်မြတ်ဖြစ်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူဒါန်းသွားသည့် အလုပ်သင်ဗိုလ် ကျောင်းသား (၁၂)ဦးအား အလေးပြုအပ်ကြောင်း၊ အပတ်စဉ်(၅) တက်ရောက်မည့် ကျောင်းသား(၁၃၅)ဦးကို ကြိုဆိုကြောင်း၊ တာဝန်ထမ်းဆောင်ကြသည့် အရာရှိအရာခံများသည် စစ်ရေး၊ နိုင်ငံရေးနှင့် အခြားအုပ်ချုပ်ရေးကဏ္ဍများကို တတ်ကျွမ်းရန် လိုအပ်ကြောင်း အဆိုပါ အရေးများ သိကျွမ်းနားလည်မှသာလျှင် မိဘပြည်သူများအား ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း” ပါရှိသည်။

အခမ်းအနားသို့ PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်း​ကျော်၊ စစ်ရေးချုပ် တားနောရိူန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အရာအရှိ/အရာခံများ သင်တန်းသားများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း လူဦးရေ(၇၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ