ရွှေတုံးရွှေခဲနှင့် ငွေကျပ်သိန်း ၈၀၀ တွေ့ရှိ
ရခိုင်ပြည်၊ မောင်တောမြို့၊ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ထွက်ပြေးသော အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို ဒီဇင်ဘာ ၁၇ ရက်က အသေ ဖမ်းဆီးရမိသည်ဟု AA က ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန် တဲထဲ၌ အသေဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး ၎င်းနှင့်အတူ အခေါက်ရွှေတုံးတချို့၊ ရွှေထည်တချို့အပါအဝင် ငွေသား ကျပ်သိန်း ၈၀၀ ခန့် တွေ့ရှိသည်ဟု ဆိုသည်။
၎င်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း AA ၏ ဝိုင်းရံပိတ်ဆို့ ရှာဖွေမှုကြောင့် ထွက်ပြေးလွတ်မြောက်ခြင်း မရှိဘဲ မိုင်းကိုနင်းပြီးနောက် သွေးထွက်လွန်ကာ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ဆိုသည်။
ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း ဘူးသီးတောင်မြို၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်အဖွဲကို မောင်တော၊ ရွှေတောင်ကျေးရွာ အနောက်ဘက်တွင် အရှင် လက်ရဖမ်းဆီးရမိခဲ့သည်။
ဗိုလ်မှူးကြီး အောင်နေမျိုးသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်းဖြစ်ကာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အခြေစိုက် အမှတ် ၂၂ ခြေမြန်တပ်မ ဌာနချုပ်၏ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် မောင်တောမြို့သို့ တာဝန် ချထားခြင်းခံရသူဖြစ်သည်။
ဗိုလ်မှူးကြီး အောင်နေမျိုးသည် သေဆုံးချိန်တွင် အသက် ၅၀ ကျော်ဝန်းကျင်ရှိကြောင်း သိရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် တပ်မတော်ဆိုင်ရာ စွမ်းဆောင်ရည် ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော စစ်မှုထမ်း ကောင်းတံဆိပ်ကို ချီးမြှင့်ခံထားရသူဖြစ်ကြောင်း သိရသည်။
အာရက္ခတပ်တော် AA သည် မောင်တောမြို့နှင့် တောင်ကုတ်မြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို သိမ်းပိုက်လိုက်ပြီး အမ်းနှင့် ဂွမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက် ရရှိရေး ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
AA ထံ လက်နက်ချသူများ၊ အလင်းဝင်လာသူ ယခု ရက်ပိုင်းတွအတွင်း ရာနှင့်ချီကို ရှိနေပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ ဂွ စသဖြင့် အမ်း နပခ တပ်ရင်းအနေဖြင့်လည်း အမြန်ဆုံး လက်နက်ချကြရန် သုံးသပ်သူများက ပြောဆိုကြသည်။
စစ်ကောင်စီတပ်သားများ အလင်း ဝင်ရောက် လာသူများကို AA က အသက်ချမ်းသာခွင့် ပေးထားပြီး မိသား၊ ဆွေမျိုးများဖြင့်လည်း ပြန်လည်တွေ့ဆုံခွင့်ပေးမည်ဟု တရားဝင် အသိပေး ထုတ်ပြန် ကြေညာထားသည်။