Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

စစ်ကောင်စီ ကြည်းတပ်နှင့် ရေတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များကြောင့် ပုဏ္ဏားကျွန်းနှင့် မောင်တောမြို့နယ်က အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ ညက စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုက AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည်မှာ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိသွားသည်။

သေဆုံးသူမှာ အသက် ၅၈ နှစ်အရွယ် ဦးမောင်ယာဉ်သာ ဖြစ်ပြီး ၎င်းမှာ စစ်တွေမြို့နယ် ကြံတောကျေးရွာကနေ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာတွင် စစ်ရှောင်နေသူတစ်ဦးဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ ပဒေသာကျေးရွာက ဒေါ်မသိန်းနု၊ ဒေါ်သိန်းနုမာ၊ မဘုမချေနှင့် ယင်းရွာသို့ အလည်ရောက်နေသည့် ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။

အလားတူ မောင်တောမြို့နယ်မှာလည်း စစ်ကောင်စီ ရေတပ် နေဗီများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ကျောင်းသားအရွယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က ပစ်ခတ်လိုက်သော စစ်ကောင်စီ နေဗီ၏ လက်နက်ကြီးကျည်မှာ မောင်တောမြို့နယ် ဥဒေါင်းကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့သည်။

ဥဒေါင်းကျေးရွာက အသက် ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသားများဖြစ်သည့် အောင်မင်းဟိန်းနှင့် ဇော်လင်းဟိန်းတို့မှာ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က မောင်တောဒေသတစ်ခုလုံးကို အာရက္ခတပ်တော်က အပြီးသိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီ ရေတပ်သည် မောင်တောဒေသကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၉ ရက် နံနက်ကလည်း ဘင်္ဂလားပင်လယ်အော်အတွင်း သွားလာနေသော စစ်ကောင်စီ စစ်သင်္ဘောများမှာ မောင်တောဒေသကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း သိရသည်။

အာရက္ခတပ်တော် AA သည် မောင်တောဒေသတွင် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်သွေးကြွ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့များကို လိုက်လံရှင်းလင်းတိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ