မဟာမိတ်တပ်ဖွဲ့များဖြင့် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသော ချင်းညီနောင်တပ်ဖွဲ့သည် ချင်းပြည်နယ် မင်းတပ်နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများအား ဖမ်းဆီးရမိကြောင်း ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။
ချင်းညီနောင်တပ်ဖွဲ့များသည် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်း၍ ချင်းညီနောင်စစ်ဆင်ရေး CB အမည်ဖြင့် မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်။
လက်ရှိတွင် စစ်ကောင်စီ၏ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြားမှ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ၏ ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် မြို့ပေါ်ရှိ စစ်ကောင်စီအခြေချစခန်းများကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် စံမင်းသီရိ စေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ကြောင်း ချင်းညီနောင်က ဆိုသည်။
ကျန်ရှိနေသည့် မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းနှင့် ခလရ (၂၇၄)တပ်ရင်းတို့ကို ချင်းညီနောင်တပ်ဖွဲ့များက ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ထိုးစစ်ကြောင့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၁၂၃ ဦးနှင့်အတူ ၎င်းတို့၏မိသားစုဝင်များပါ လက်နက်ချအညံ့ခံခဲ့ကြသည်ဟု ချင်းညီနောင်က ပြောသည်။
အလားတူ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေရာယူထားသည့် ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ဆေးရုံကုန်း နေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့က စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၄၅ ဦးသည် လက်နက်ခဲယမ်းများ နှင့်အတူ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လက်နက်ချ အညံ့ခံခဲ့သည်ဟု ချင်းညီနောင်က ဆိုသည်။
ချင်းညီနောင်အနေဖြင့် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းများကို အပြီးသတ်သိမ်းပိုက်နိုင်သည်အထိ ပြင်းပြင်းထန်ထန် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု ကတိပေး ပြောဆိုထားသည်။
ယင်းအပြင် မဟာမိတ်အင်အားစုများနှင့်အတူ ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်စေရေး၊ အကြမ်းဖက်အာဏာရှင်ကို ဆက်လက်တိုက်ထုတ်သွားမည်ဖြစ်ကြောင်းလည်း ချင်းညီနောင်တပ်ဖွဲ့များက အသိပေးထုတ်ပြန်ထားသည်။