အာရက္ခတပ်တော် AA သည် ရခိုင်ပြည် ဂွမြို့မှာရှိသည့် စစ်ကောင်စီ တပ်ရင်း ၂ ရင်းထဲက ၁ ရင်းကို ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နံနက်စောစောပိုင်းတွင် သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။
ဂွမြို့ထဲတွင် စစ်ကောင်စီ၏ ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တပ်ရင်းတို့ရှိပြီး ခမရ ၅၆၃ တပ်ရင်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
ခမရ ၅၆၃ တပ်ရင်းကို ယနေ့ နံနက် အာရုဏ် ၃ နာရီနှင့် ၅ နာရီကြားတွင် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောဆိုထားကြသည်။
ခမရ ၅၆၃ တပ်ရင်းကို သိမ်းပိုက်ရရှိပြီး ဂွမြို့ထဲကို ထိန်းချုပ်ထားသည့် သတင်းအပေါ် Western News က ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား ကို ဆက်သွယ်နေဆဲဖြစ်သည်။
ခမရ ၅၆၂ တပ်ရင်းသည် သံတွဲ၊ ကျိန္တလီဘက်က လာလျှင်တွေ့ရသော ဂွမြို့အဝင်က တပ်ရင်းဖြစ်ပြီး ခမရ ၅၆၃ တပ်ရင်းသည် ရန်ကုန်၊ ဧရာဝတီဘက်က လာလျှင်တွေ့ရသော ရိုးတောင်အဆင်း ဂွမြို့အဝင်တွင် တွေ့ရသော တပ်ရင်းဖြစ်သည်။
သတင်းရင်းမြစ်တစ်ဦးက “ဧရာဝတီ-ဂွ ဟိုက်ဝေးကားလမ်းပေါ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာ အခု ဂွမြို့အဝင်က ခမရ ၅၆၃ တပ်ရင်းကို အေအေ က သိမ်းလိုက်ပါပြီ။ ဧရာဝတီဘက်ခြင်းက ဗေဒါဂိတ်ကိုတောင် သိမ်းပိုက်လိုက်ပြီ ကြားပါတယ်။ အကိုတို့လည်း တခြားတွေကို အတည်ပြုကြည့်ပေးပါ” ဟု ပြောသည်။
လက်ရှိတွင် ဂွမြို့အတွင်း အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး AA က နောက်ဆုံးကျန်ရှိနေသည့် ခမရ ၅၆၂ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
နောက်ထပ် မြို့ခံ သတင်းရင်းမြစ်တစ်ဦးက “အခု ဂွမြို့ထဲမှာ လူနေအိမ်တွေ တော်တော် များများ မီးလောင်နေတယ်လို့ ကြားပါတယ်။ AA က ခမရ ၅၆၂ ကို တိုက်ခိုက်နေလို့ ပင်လယ်မှာရှိတဲ့ စစ်ကောင်စီ နေဗီတွေက လက်နက်ကြီးတွေနဲ့ မြို့ထဲကို တရပ်စပ်ပစ်ခတ်နေတယ် ပြောတယ်။ ဒါ့ကြောင့် လူနေအိမ်တွေ တော်တော် များများ မီးလောင်သွားတယ် သိရပါတယ်” ဟု ပြောသည်။
ဂွမြို့သည် ရခိုင်ပြည် တောင်ပိုင်းဒေသ၏ အဆုံးမြို့တစ်ခုဖြစ်ပြီး ဧရာဝတီတိုင်းဒေသနှင့် ထိစပ်နေသော နယ်စပ်မြို့တစ်မြို့လည်းဖြစ်သည်။
ဂွမြို့မကျရေးအတွက် အာဏာသိမ်း စစ်ကောင်စီသည် ဧရာဝတီတိုင်းဒေသက စစ်ကူအများအပြားဖြင့် ပင်လယ်ပြင်က လာရောက်ကာ AA ထိုးစစ်အား အပြင်းအထန် ခုခံတိုက်ခိုက်နေကြောင်း သိရသည်။
အာရက္ခတပ်တော် AA ကလည်း ဂွမြို့သိမ်းတိုက်ပွဲ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြင့် စစ်ကောင်စီ၏ စစ်စခန်းများအား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြသည်။