ရခိုင်ပြည်မှာ ပြည်သူများအပေါ် ကြမ်းချင်တိုင်းကြမ်းနေခဲ့သော အာဏာသိမ်း စစ်ကောင်စီ၏ ဗိုလ်မှူးချုပ်များကို အာရက္ခတပ်တော် AA က အရှင်ဖမ်းဆီးထားကြောင်း သိရသည်။
အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သိမ်းတိုက်ပွဲက ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို ဖမ်းဆီးထားသလို မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲက ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင်လက်ရ ဖမ်းဆီးထားခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ် သောင်းထွန်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ ဒုတိယ တိုင်းမှူးဖြစ်သည်။ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းသည် နပခ တိုင်းဦးစီးချုပ်ဖြစ်ပြီး ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခမှူး ဖြစ်သည်။
နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သလို စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ဖမ်းဆီးရမိကြောင်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် AA က ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် ကရင်ပြည်နယ် ဘားအံအခြေစိုက် တပ်မ ၂၂ မှ ရခိုင်ပြည် မောင်တောမြို့ နခခ ၅ သို့ ပြောင်းရွှေ့တာဝန်ပေးခံရသော တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုး ကိုလည်း အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၁၇ ရက် နေ့လယ်အချိန်တွင် အသေဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်ကို ကိုးကန့်တပ် MNDAA နှင့် တပ်ပေါင်းစုမဟာမိတ်များက သိမ်းပိုက်ခဲ့ပြီးနောက် ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ဒုတိယအကြိမ် တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းလည်းဖြစ်သည်။