ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA က သိမ်းပိုက် ရရှိပြီးနောက် ဖမ်းဆီးရရှိသော ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့၏ ဓာတ်ပုံများကို ထုတ်ပြလိုက်သည်။
ဒီဇင်ဘာ ၂၀ ရက်နေ့က AA က ဖမ်းဆီး ရရှိခဲ့သောသူများမှာ ဗိုလ်ကြီး အောင်စစ်နိုင် (ဆက်သွယ်ရေးအရာရှိ)၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း (တိုင်းဦးစီးချုပ်) ဗိုလ်မှူးချုပ် သောင်းထွန်း (ဒုတိုင်းမှူး) နှင့် အရာခံဗိုလ် အေးသိန်း (ရုံးအုပ်ချုပ်ရေး) တို့ ဖြစ်ကြသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နပခ ဌာနချုပ် တိုင်းစစ်ရုံးအတွင်းမှ လက်ကျန်နေရာအားလုံး ဒီဇင်ဘာလ ၂၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် AA ထံ အလင်းဝင်ရောက်ခဲ့သည်။
အဆိုပါ နပခမှ ရာနှင့်ချီသော စစ်ကောင်စီတပ်သားများသည် အာရက္ခတပ်တော် AA ထံ ထပ်မံ၍ လက်နက်ချ အလင်းဝင်ကြခဲ့ပြီး ထွက်ပြေး လွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့ကို လိုက်လံ ရှင်းလင်း ရခဲ့ကြောင်း AA က ဆိုသည်။
ပလက်ဝမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့ နှင့် မောင်တောမြို့တို့ကို အာရက္ခတပ်တော် AA က အပြီးအသတ် သိမ်းပိုက်ထားသည့်မြို့နယ်များ ဖြစ်လာသည်။
လက်ရှိတွင် ဂွမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဂွမြို့၏ ဒေသခံတပ်ရင်းများနှင့် စစ်ကူလာသော တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများ၊ အခြားသော တပ်ရင်းများ တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။
လက်ရှိတွင် အာရက္ခတပ်တော် AA က ဂွမြို့၏ သုံးပုံနှစ်ပုံခန့်ကိုလည်း သိမ်းပိုက်ရရှိထားပြီး နှစ်ဖက် တိုက်ပွဲများမှာလည်း ပြင်းထန် ဖြစ်ပွားနေကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။