Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(AA ကို သရော်လှောင်ပြောင်ခဲ့သူ စစ်ကောင်စီတပ်သားတစ်ဦးမှာလည်း အမ်းတိုက်ပွဲတွင် သေဆုံး)

အာရက္ခတပ်တော် AA ၏ ၁၅ နှစ်ပြည့် တပ်မွေးနေ့မှာ လက်နက်ကြီးကျည်ပေါ် “AA နှစ်ပတ်လည်အတွက် လက်ဆောင်” ဟု စာရေးပြီး ဟောင်ဝစ်ဇာအမြောက်ဖြင့် ပြည်သူများရှိရာနေရာများသို့ လက်နက်ကြီးပစ်ခတ်ခဲ့သော စစ်ကောင်စီ၏ တပ်ကြပ်ကြီး မျိုးမင်းထွန်းကို အာရက္ခတပ်တော် AA က ဖမ်းဆီးထားကြောင်း သိရသည်။

တပ်ကြပ်ကြီး မျိုးမင်းထွန်းသည် ရခိုင်ပြည် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အမြောက်တပ်ရင်း အမှတ် ၃၇၄ က တပ်ကြပ်ကြီးဖြစ်သည်။

မျိုးမင်းထွန်းသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က ကျရောက်ခဲ့သည့် အာရက္ခတပ်တော် AA ၏ ၁၅ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဟောင်ဝစ်ဇာ လက်နက်ကြီးကျည်တွင် “၁၅ နှစ်မြောက် AA နှစ်ပတ်လည်အတွက် လက်ဆောင်” ဟု ရေးသားပြီး ပြည်သူများနေထိုင်ရာအရပ်သို့ ပစ်ခတ်ခဲ့သည်။

မျိုးမင်းထွန်းပြောဆိုချက်မှာ “သာလီစွပါ…. လူမလာနိုင်လို့ လက်ဆောင်ပဲ ပို့ပေးလိုက်မယ်နော်။ OK” ဆိုပြီး ဟောင်ဝစ်ဇာအမြောက်ကျည်မှာ AA အတွက် လက်ဆောင်ဟု စာတန်းရေးပြီး လက်မထောင်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပစ်ခတ်ခဲ့ခြင်းမှာ လက်ကမြင်း ကြော ထ၍ ပစ်ခတ်ခဲ့မိကြောင်းနှင့် လက်ရှိ လက်နက်ချ ဖမ်းဆီးခံထားရကြောင်း တပ်ကြပ်ကြီးမျိုးမင်းထွန်းက ဝန်ခံပြောဆိုထားသည်။

“၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက် အာရက္ခတပ်တော် တပ်မွေးနေ့မှာ ဟောင်ဝစ်ဇာကျည်ပေါ်မှာ ၁၅ နှစ်မြောက် ရခိုင်တပ်တော်၏ တပ်မွေးနေ့လက်ဆောင်ဟု လက်ကမြင်းကြောထ ရေးသားပစ်ခတ်ခဲ့သူဖြစ်ပါတယ်။ အခုဆိုရင် အာရက္ခတပ်တော်ထံမှာ လက်နက်ချ အညံ့ခံပြီး ဖမ်းဆီးခံထားရပါတယ်” ဟု ပြောသည်။

တပ်ကြပ်ကြီး မျိုးမင်းထွန်းသည် ထိုအချိန်က လက်နက်ကြီးပစ်ခတ်သည့် ဗီဒီယိုဖိုင်အား လူမှုကွန်ရက်တွင် တင်ခဲ့ပြီး အဆိုပါ လုပ်ရပ်အပေါ် ထောက်ခံခဲ့သော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာလည်း တိုက်ပွဲအတွင် သေဆုံးသွားပြီဟု သိရသည်။

ယင်းအပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား AA က သိမ်းနေချိန်အတွင်းမှာလည်း နပခ နှင့် အမ်းမြို့ ကျဆုံးသွားပြီဟု လူမှုကွန်ရက်များတွင် သတင်းထွက်ပေါ်နေသည်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လှောင်ပြောင်သရော်ပြောဆိုခဲ့ကြသည်။

စစ်ကောင်စီတပ်သားတစ်ဦး Live လွှင့်ပြီး ပြောဆိုရာတွင် “AA က အမ်းကို သိမ်းလိုက်ပြီဟုတ်လာ၊ ထောက်ပို့လည်း သိမ်းပြီဟုတ်လာ၊ စစ်သားတွေလည်း အများကြီးသေတယ်ဟုတ်လာ၊ တပ်ဖွဲ့ဝင်တွေလည်း တပ်ဆုတ်တယ် ဟုတ်လာ၊ ဟိုး … နားက ယူနီဖောင်း အဝတ်စုတ်လည်း ငါ့ကို ယူပေးပါ၊ AA က ငါတို့ အမ်းကို သိမ်းပြီးပြီတဲ့ အဲဒါကြောင့် အဲဒီယူနီဖောင်း အစုတ်ကို အရင်လာသိမ်းအုံ့လို့” ရယ်မောပြီး AA အား လှောင်ပြောင်ခဲ့ကြသည်။

ယင်းကဲ့သို့ လှောင်ပြောင်ခဲ့ကြသော စစ်ကောင်စီတပ်သားများအားလုံးမှာ အမ်းတိုက်ပွဲအတွင်း သေဆုံးသွားခဲ့ရပြီဟု အကြောင်းစုံကိုသိသော တပ်ကြပ်ကြီး မျိုးမင်းထွန်းက ထွက်ဆိုထားသည်။

အာရက္ခတပ်တော် AA သည် အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တစ်ခုလုံးအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

အမ်းမြို့သိမ်းတိုက်ပွဲက နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် တိုင်းဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းအပါအဝင် အခြားသော အရာရှိများနှင့် တပ်ဖွဲ့ဝင်အများအပြားကို ဖမ်းဆီးထားကြောင်း AA က ထုတ်ပြန်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ