ရခိုင်ပြည် ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နှင့် ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း အာရက္ခတပ်တော် AA ဒီဇင်ဘာလ ၂၁ ရက်က ထုတ်ပြန်ထားသည်။
အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီ သည် ဖက်ဆစ်စစ်တပ်တို့၏ လုပ်နေကျ ဝသီအကျင့်စရိုက်အတိုင်း စစ်ရေးပစ်မှတ်မဟုတ်သော ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ စစ်ရှောင်စခန်းများ နှင့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ ရပ်ရွာများကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်သည်။
တို့အပြင် ရပ်ရွာများကို မီးရှို့ခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းတို့ကို နေ့စဉ်နေ့တိုင်းပြုလုပ်ကာ မထူးဇာတ်ခင်းလျက်ရှိကြောင်း သိရသည်။
အာရက္ခတပ်တော်မှ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြို့လေးမြို့အနက် လက်ရှိအချိန်တွင် ဂွတစ်မြို့သာ ကျန်ရှိတော့ပြီဖြစ်ကြောင်း AA က ပြောသည်။
ဂွမြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီး AA တပ်ဖွဲ့ဝင်များကလည်း ဂွ မြို့ သိမ်းတိုက်ပွဲအတွက် ထိုးစစ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဂွတိုက်ပွဲသို့ စစ်ကောင်စီသည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များအား ဖြည့်တင်းနေကြောင်းသော်လည်း တပ်ဖွဲ့ဝင်များမှာ စိတ်ဓာတ်ပျက်ပြားနေကြောင်း သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေမှုများနှင့်အတူ ဂွမြို့သည်လည်း မကြာခင်ရက်များအတွင်း ကျိန်းသေ လက်လွှတ်ဆုံးရှုံးရတော့မည်ဟု AA က ထုတ်ပြန်ထားသည်။
ထို့ကြောင့် စစ်ကောင်စီတပ်သည် ဂွမြို့ရှိ ကျေးရွာများ နှင့် လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေးလျက်ရှိသည်။
ဧရာဝတီတိုင်းအတွင်းသို့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အဆက်မပြတ် လိုက်စစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း AA က ပြောသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၇/၁၈) ရက်နေ့များတွင် စစ်ကောင်စီတပ်မှ ဂွမြို့နယ်၊ “အလယ်ရွာ”ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင်လည်း နံနက် (၇) နာရီအချိန်ခန့်မှ စတင်ကာ ၎င်းတို့အခြေစိုက်ရာ ခမရ (၅၆၃) အနီးအနားမှ လူနေအိမ်များကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်ကောင်စီ၏ ဤကဲ့သို့ မီးရှို့ဖျက်ဆီးမှုများကြောင့် အပြစ်မဲ့ပြည်သူလူထု၏ နေအိမ်အများအပြားမှာ မီးလောင်ပျက်စီးခဲ့ရကြောင်း AA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ယခုကဲ့သို့သော စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော်အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများနှင့် အမိန့်ပေး၊ ညွှန်ကြားချက်ပေးသူများကို ဖမ်းဆီးရမိပါက ၎င်းပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဟု AA က အသိပေးထားသည်။