(ရခိုင်မှာ မိုင်းအန္တရာယ်အသိပညာပေးမှုများလိုအပ်နေ)
စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် ဂွမြို့နယ်မှာ မိုင်းနင်းမိ၍ အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး ၅ ဦးအထိ ကိုယ်လက်အင်္ဂါ ဆုံးရှုံးနေရကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ ထိခိုက်သေဆုံးသူများမှာ ယခု လက်ရှိ တိုက်ပွဲများအတွင်း စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ဖြစ်သည်ဟု ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့က ပြောဆိုထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့က ကုလားပြင်ကျေးရွာမှ အသက် ၃၀ အရွယ် မစိုးမိုးစံမှာ စပါးရိတ်သိမ်းရန် လယ်ကွင်းထဲသို့ ဆင်းစဉ် မိုင်းနင်မိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးဒဏ်ရာရရှိခဲ့သည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်လည်း ဂျိုင်ကောက်ကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ဦးကျော်စိုးလွင်မှာ နွားကျောင်းနေစဉ် (နွားလှန်နေစဉ်) မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးသွားကြောင်း သိရသည်။
ထိုကြောင့် ဂွမြို့နယ်က ပြည်သူများကို မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများအကြောင်းကို အသိပညာပေးရန် လိုအပ်နေကြောင်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ နိုင်အောင်လင်းက ပြောသည်။
” ဂွမြို့နယ်စစ်ပွဲကာလအတွင်း မြေမြှပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရှိသူ(၅)ဦးနှင့် သေဆုံးသူ(၁)ဦး၊ စုစုပေါင်း(၆)ဦးထိ ရှိလာပြီဖြစ်ပါသည်။ ကျွန်တော်တို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့မှလည်း အရပ်သားပြည်သူများ စစ်ပွဲကျန်လက်နက်ပစ္စည်းများနှင့်ဆက်စပ်၍ ဆောင်ရန်ရှောင်ရန်လိုအပ်သည်များကို အသိပညာများ မျှဝေရေးလုပ်ငန်းများကို ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
ယခု ဖော်ပြထားသော မိုင်းနင်းမိ၍ ထိခိုက်သေဆုံးမှု စာရင်းသည်မှာ ဂွမြို့နယ်စစ်ဘေးရှောင် ကူညီရေးပူးပေါင်းအဖွဲ့က ကောက်ယူထားသော စာရင်းသာဖြစ်ပြီး မြေပြင်တွင် ဖော်ပြထားသော အချက်အလက်များထက်ပို၍ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု့များ ရှိနိုင်သည်။
ရခိုင်က တိုက်ပွဲဖြစ်ပွားရာဒေသတိုင်းနီးပါးတွင် မိုင်းအန္တရာယ်အသိပညားအစီစဉ်များမှာ လွန်စွာအားနည်းနေပြီး မိုင်းကြောင့် ဒေသခံများထိခိုက်မှုများရခြင်းမှာ အဆိုပါအချက်ကြောင့်လည်းပါဝင်သည်ဟု ယခင်မိုင်းအန္တရာယ်အသိပညာပေးရေးနှင့် ပတ်သက်၍ လှုပ်ရှားခဲ့သူတစ်ဦးက ပြောသည်။
“ဒီမိုင်းနဲ့ပတ်သက်တဲ့အသိပညာပေးမှုတွေကို စစ်ကောင်စီခေတ်တုန်းကလည်း ရခိုင်မှာတားမြစ်တာတွေရှိခဲ့တယ်။ ဒါကြောင့် အလုပ်မဖြစ်ခဲ့ကြဘူး။ အခုလည်းပဲ ဒီအသိပညာပေးမှုတွေကမရှိဘူးလို့ ပြောလို့ရတယ်ပေါ့နော်။ တကယ်တော့ ဒါတွေက ဒေသအတွက် တကယ်လိုအပ်ချက်တစ်ခုဖြစ်နေတယ်။ ဒေသတွင်းမှာ မိုင်းထိလို့၊ စစ်ကျန်လက်နက်ပေါက်ကွဲလို့ သေတဲ့သူတွေ တော်တော်များများကိုကြည့်ရင် သူတို့က ဒါကို ပေါက်ကွဲစေတဲ့အရာမှန်း မသိလို့ ဖြစ်ကြတာ များတာတွေ့ရမယ်။ ဒါကြောင့် မိုင်းကြောင့် အထိခိုက်နည်းဖို့ မိုင်းအသိပညာပေးမှုတွေ လိုအပ်တာပေါ့လေ” ဟု ပြောသည်။
ပြည်နယ်၏ နေရာအနှံ့တိုက်ပွဲများဖြစ်ပွားမှုရှိနေသည့် ရခိုင်ဒေသတွင် မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်မှာလည်း တိုက်ပွဲ၏နောက်ဆက်တွဲ ဆိုးကျိုးတစ်ရပ်အနေဖြင့် ဒေသခံများအားခြိမ်းခြောက်လျှက်ရှိနေခြင်းဖြစ်သည်။
မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်မှာ ရခိုင်ဒေသက လူတိုင်းနီးပါးစိုးရိမ်ရသည့် အနေအထားဖြစ်သော်လည်း တောတောင်ကိုအမှီပြု၍ လုပ်ကိုင်စားသောက်နေရသူများမှာ မိုင်းနှင့်ပတ်သက်၍ အဓိက ထိခိုက်လွယ်သည့် သူများဖြစ်နေကာ ထိုသူများမှာ မိုင်းကြောင့်ပင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်ကိုင်များထိခိုက်လျှက်ရှိနေကြောင်းတွေ့ရသည်။
ထိုကဲ့သို့ မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေးမှုများလိုအပ်လျှက်ရှိနေသည့် ရခိုင်ဒေသတွင် အသိပညာပေးရေးအစီစဉ်များအကောင်ထည်ဖော်ရန် အဖွဲ့အစည်းအချို့မှ လုပ်ဆောင်သည်များရှိသော်လည်း ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်မရမှုကြောင့် နှောင့်နှေးနေရမှုတို့လည်းရှိနေသည်ဟု အသိပညာပေးရေးစီမံကိန်းတွင် ပါဝင်လုပ်ကိုင်မည့်သူတစ်ဦးက ဆိုသည်။
“ဒီမှာ မိုင်းအန္တရာယ် အဓိက ကြုံရနိုင်တဲ့သူတွေက မိုင်းနဲ့ပတ်သက်ပြီး ဘာမှမသိကြဘူး ဖြစ်နေတာတွေ တွေ့ရတယ်ပေါ့နော်။ ဒီလိုလူတွေကို ကျမတို့က မိုင်းဆိုတာဘယ်လိုမျိုးရှိတယ်။ အမျိုးအစားဘယ်နှမျိုးရှိတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ထိတွေ့ကိုင်တွယ်ရင် ပေါက်ကွဲတယ်။ ပေါက်ကွဲရင် နောက်ဆက်တွဲဘာဖြစ်နိုင်တယ် စသဖြင့် ဒီလိုအသိပညာပေးမှု ပရိုဂျက်တွေ ဒီဖက်ကို ကျလာတာတွေရှိတယ်။ ဒါပေမယ့် ဒီဖက်က ဒေသအာဏာပိုင်တွေက ခွင့်ပြုချက်မပေးတော့ မလုပ်ရဘူးဖြစ်နေတာပါ” ဟု ဆိုသည်။
ရခိုင်တွင် မြို့နယ်အလိုက် တိုက်ပွဲများ နေရာအနှံ့ဖြစ်ပွားမှုရှိခဲ့ပြီး နှစ်ဖက်တပ်များမှာလည်း လုံခြုံရေးအတွက် မြေမြှုပ်မိုင်းကို အဓိက အသုံးပြုခဲ့ကြကြောင်းတွေ့ရကာ ထိုအထဲတွင် စစ်ကောင်စီ တပ်စွဲရာနေရာများတွင် မိုင်းအန္တရာယ်မှာ ပိုကြီးမားလျှက်ရှိနေသည်ကိုလည်း တွေ့ရသည်။
စစ်ကောင်စီထံမှ အာရက္ခတပ်တော် သိမ်းပိုက်ရရှိထားပြီးဖြစ်သည့် နယ်မြေများတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဧရိယာများကို မီးရှို့၍မိုင်းရှာဖွေခြင်း၊ မိုင်းရှာဖွေရေး ကိရိယာများသုံးကာ မိုင်းရှင်းလင်းခြင်းများကို AA က လုပ်ဆောင်ပေးနေသော်လည်း မိုင်းရှင်းလင်းရန် လိုအပ်နေသည့်နေရာ အများအပြားကျန်ရှိနေသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။