ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၂ နာရီကျော်အချိန်က ပစ်ခတ်သံများကြောင့် ရခိုင်ပြည် စစ်တွေမြို့ထဲတွင် ယခု ရပ်ကွက် ၃ ခုကို ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြို့ခံများထံမှ သိရသည်။
ညနေ ၁၂ နာရီကနေ ၁ နာရီအတွင်း နှစ်ဖက် အမြောက်သံများကြားခဲ့ရသလို စစ်တွေမြို့အနီး ကျေးရွာများသို့ စစ်ကောင်စီက လေယာဉ်ဗုံးကြဲတိုက်ခဲ့ကြောင်း မြို့ခံများက ပြောဆိုကြသည်။
လက်ရှိတွင် ထိုပစ်ခတ်သံများကြောင့် စစ်တပ် တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် အများအပြားမှာ ရပ်ကွက် ၃ ခုထက်မနည်းကို ဝင်ရောက်စစ်ဆေးနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“အခု ကုန်တန်းရယ်၊ ဆတ်ရိုးကျက ကယ်ဆယ်ရေး အကွက် (၁) ရယ်၊ (၂) ရယ် ဝင်စစ်ဆေးနေပါတယ်။ စစ်သား၊ ရဲသား ၅၀ လောက်ရှိမယ်။ တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးနေပါတယ်။ မနေ့ညက အမြောက်သံတွေ၊ သေနတ်ပစ်ခတ်သံတွေ ကြားရတော့ ဒီနေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေကြတယ်။ ဘာတွေကို စစ်ဆေးလဲ အသေးစိတ် မသိရဘူး” ဟု ပြောသည်။
ဒီဇင်ဘာလ ၂၁ ရက်ကလည်း မင်းဂံရပ်ကွက်ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ရွာကြီးမြောက် လေးခွဆုံက “အယ်လီ” စားသောက်ဆိုင်ပိုင်ရှင်လည်း ဖမ်းဆီးခံထားရကြောင်း နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။ ၎င်းမှာ ပြန်လည်လွတ်မြောက်လာခြင်း ရှိမရှိနှင့် ဖမ်းဆီးခံရသည့် ဖြစ်စဉ်အား အသေးစိတ်သိရှိနိုင်ရန် မိသားစုဝင်များအား ဆက်သွယ်နေဆဲဖြစ်သည်။
ယမန်နေ့ ညက အာရက္ခတပ်တော် AA မှ ကုလားတန်မြစ်ဝ စစ်တွေမြို့အနီးရှိ စစ်ကောင်စီရေတပ်ကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ရာမှာ နှစ်ဖက် အပြန်အလှန် အမြောက်ချင်း ပစ်ခတ်ကြကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ကုလားတန်မြစ်ကြောင်းအဝင်မှာ စစ်ကောင်စီက ရေတပ်စစ်သင်္ဘောတွေ အများကြီးချထားတယ်။ အဲဒါကို AA က လက်နက်ကြီးနဲ့ ပစ်ခတ်တယ်။ စစ်ကောင်စီ စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်တယ်။ အပြန်အလှန် အမြောက်တိုက်ပွဲ သဘောပေါ့။ သိပ်မကြာဘူး AA ရှိနိုင်မယ်ထင်တဲ့ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်က နေရာတွေကို လေယာဉ်တွေနဲ့ လာဗုံးကြဲသွားတယ်။ ထိခိုက်မှုကိုတော့ မသိရဘူး” ဟု ပြောသည်။
စစ်ကောင်စီ ရေတပ် စစ်သင်္ဘောများအား AA က စတင်ပစ်ခတ်သည်ဆိုသော သတင်းနှင့်ပတ်သက်၍ ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က ဆက်သွယ်နေဆဲဖြစ်သည်။
လက်ရှိ စစ်တွေမြို့ထဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခင်က ညတွင်သာ ဧည့်စာရင်းစစ်ဆေးမှုနှင့် AA ရှာဖွေရေးစစ်ဆေးမှုများရှိသော်လည်း ယခုအခါ နံနက်၊ နေ့လယ်နေ့ခင်း အချိန်မရွေး ဝင်ရောက်ရှာဖွေ စစ်ဆေးနေကြောင်း သိရသည်။
စစ်တွေမြို့ခံများ၏ ပြောဆိုချက်အရ ပိတ်ထားသော နေအိမ်များမှာ ပိုရှာဖွေစစ်ဆေးခံရပြီး အိမ်တံခါးပိတ်ကာ နေ၍မရကြောင်းနှင့် အမြဲတမ်း တံခါးဖွင့်ထားရကြောင်း သိရသည်။
(ပုံဟောင်းဖြစ်သည်)