Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ချင်းပြည်နယ် ကန်ပက်လက်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဒီဇင်ဘာလ ၂၁ ရက် ညက ထွက်ပြေးသွား၍ ချင်းညီနောင်တပ်ဖွဲ့များမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ကစ၍ မြို့အား ထိန်းချုပ်သိမ်းပိုက်ထားကြောင်း သိရသည်။

ကန်ပက်လက်မြို့ကို ဝင်သိမ်းရန် ပြင်ဆင်နေချိန်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထွက်ပြေးသွားကြောင်းနှင့် ၎င်းတို့ကို လိုက်လံရှာဖွေရှင်းလင်းနေကြောင်း ချင်းညီနောင်တာဝန်ရှိသူက ပြောဆိုထားသည်။

ကန်ပက်လက်မြို့ကို ထိန်းချုပ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဖမ်းထားသော နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကန်ပက်လက်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းအောင်လင်းက ပြောသည်။

“၂ ဦးကတော့ တော်လှန်ရေးနဲ့ပတ်သက်တာတွေ လုပ်တဲ့အတွက်ကြောင့်။ ၁ ဦးကတော့ လမ်းမှာ စစ်ကြောင်းနဲ့တိုးလို့ အဖမ်းခံရတာ။ အဖမ်းခံရပြီး နှိပ်စက်တာတွေ။ လက်သည်းအခွံခွာ သံကို မီးပူ တိုက်ပြီးတော့မှ နှိပ်စက်တာတွေရှိတယ်။ နောက်တစ်ဦးကတော့ တော်လှန်ရေးမှာပါပြီးတော့ အိမ်မှာနေတဲ့အချိန် သတင်းပေး ဒလန်ကြောင့် အဖမ်းခံရတယ်။ သူ့ကိုလည်း နှိပ်စက်ထားတာရှိတယ်” ဟု ပြောသည်။

အကျဉ်းကျနေသည့် စစ်ကောင်စီတပ်သားတစ်ဦးကိုလည်း ကယ်ထုတ်ထားပြီး နှိပ်စက်ခံထားရသည့် ဒဏ်ရာများ ဆေးကုသမှုပေးထားကြောင်း ဆလိုင်းအောင်လင်းက ဆိုသည်။

“နောက်တစ်ဦးက ကယ်ထုတ်ထားတဲ့အထဲမှာပါလာတာက စကစ တပ်သားတစ်ယောက်ပဲ။ မနေချင်လို့ ထွက်ပြေးတဲ့အချိန်မှာ သူ့ကိုပြန်ပြီးတော့ ပစ်ပြီးတော့ ပြန်ဖမ်းတာ။ ဒဏ်ရာနဲ့ ရင်အုပ်မှာ ဒဏ်ရာရပြီးတာ့ ထောင်ထဲထည့်ထားတယ်။ ထောင်ထဲ ထည့်ထားတာကို ကျနော်တို့ဆီကနေ ပြီးတော့ ဆေးဝါးကုသပေးပြီးတော့ အသက်ရှင်တာပေါ့။ ပြီးတော့မှ အခြားအကျဉ်းသား ၁ ဦးပေါ့။ ကယ်ထုတ်ထားတာပါ” ဟု ပြောသည်။

အလားတူ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင်လည်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ယင်းအကျဉ်းသားများကို သက်ဆိုင်ရာနေရပ်များဆီသို့ ပြန်လည် ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း မင်းတပ်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်အထိ မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇၉၆၉ ဦးရှိပြီး ထိုအထဲမှ ၂၁၃၉၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၉၈၀၀ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ထိုအပြင် စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ ၆၀၆၉ ဦး ရှိခဲ့ပြီဟု AAPP က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ