စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသော စစ်ကောင်စီ၏ ဗိုလ်မှူးချုပ် ၃ ဦးနှင့် အခြားသော တပ်အရာရှိများကို ပြည်သူအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ စစ်ဆေးနေပြီး ကျူးလွန်သည့်ပြစ်မှု အပေါ် လိုက်၍ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အပါအဝင် အခြားသော တပ်အရာရှိများကို AA က ဖမ်းဆီးရရှိခဲ့သည်။
ယင်းအပြင် ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်မှ စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အပေါင်းအပါများကို ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် AA က အရှင်လက်ရ ဖမ်းဆီးခဲ့သည်။
အဆိုပါ ဗိုလ်မှူးချုပ်များနှင့် တပ်အရာရှိများကို ပြည်သူအပေါ် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများအတွက် AA က စုံစမ်းစစ်ဆေးနေပြီး ၎င်းတို့ တစ်ဦးချင်းစီအလိုက် ကျူးလွန်ခဲ့ကြသော စစ်ရာဇဝတ်မှုဆိုင်ရာ ပြစ်မှုများအပေါ် လိုက်၍ ပြစ်ဒဏ်ပေး အရေးယူသွားမည်ဟု ဦးခိုင်သုခက ပြောသည်။
“ဖမ်းဆီးရမိထားတဲ့ မြန်မာ ဖက်ဆစ် စစ်တပ်က အကြမ်းဖက်စစ်အရာရှိကြီးတွေရဲ့ ပြည်သူတွေအပေါ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေနှင့်ပတ်သက်ပြီးတော့ ကျနော်တို့ ULA/AA အနေနဲ့ စနစ်တကျ သေသေချာချာစစ်ဆေး ဖော်ထုတ်သွားမှာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင်တော့ သူတို့တစ်ယောက်ချင်းစီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအပေါ်မှာမူတည်ပြီးမှ ပြစ်မှုနှင့်ပြစ်ဒဏ်မျှတအောင် စီစဉ်ဆောင်ရွက် အပြစ်ပေးသွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။
AA က ဖမ်းဆီးရရှိထားသော စစ်တပ် ဗိုလ်မှူးချုပ် ၃ ဦးအနက်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်းမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (မန္တလေး)တွင် တိုင်းဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ နန်းတွင်းစစ်ကြောရေးတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးညှဉ်းပန်း နှိပ်စက်သတ်ဖြတ်ခြင်းကို ကျူးလွန်ခဲ့သည်။
ဆက်လက်ပြီး ၎င်းမှာ စစ်အာဏာရှင်ဆန့်ကျင်သော ဗကသ ကျောင်းသူတချို့ကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးနာမည်ကြီးသော ဆရာတော် အလင်္ကာကြယ်ကို ထောင်မှထွက်လာပြီးနောက် သတ်ဖြတ်ခြင်းအပါအဝင် စစ်ရာဇဝတ်မှုများကို အမိန့်ပေးကျူးလွန်ခဲ့သူဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် အလုပ်သင် ဗိုလ်လောင်းသင်တန်း OTS ၂၂ ကျောင်း ဆင်းဖြစ်ပြီး ဇနီးဖြစ်သူ နန်းဖြူဖြူဖြိုး၊ သမီးသက်ထားစံနှင့် သားဖြစ်သူ ခန့်စစ်သွေးတို့ ထွန်းကားသည်။
၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့၏ စစ်ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့ပြီး စစ်အာဏာသိမ်းချိန်၂၀၂၁ ခုနှစ်တွင် မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ် ဖြစ်လာခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ်အဖြစ် ဗိုလ်မှူးကြီး/ဗိုလ်မှူးချုပ် သူရိန်ထွန်းက တာဝန်ယူစဉ်က မန္တလေးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများစွာ ဖြစ်ပွားနေချိန်လည်းဖြစ်သည်။
ထိုအချိန် ငြိမ်းချမ်းသော မန္တလေးလူထု ဆန္ဒပြပွဲများကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းရန် စစ်ကောင်စီက အမိန့်ပေးညွှန်ကြားခဲ့ရာ ယင်းအမိန့်ကို မြေပြင်တွင် အဓိက အကောင်အထည်ဖော်ရသူမှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းဖြစ်သည်။
မန္တလေးမြို့တော်တွင် ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းခြင်းနှင့် ပစ်ခတ်သတ်ဖြတ်ခြင်းများကို လက်တွေ့ အနီးကပ် အမိန့်ပေး အကောင်အထည်ဖော်ရာတွင် ဗိုလ်မှူးချုပ်သူရိန်ထွန်းက ဆောင်ရွက်ခဲ့သည်။
၂၀၂၂ အောက်တိုဘာလတွင် ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ဘူးသီးတောင် စကခ ၁၅ ကွပ်ကဲရေးမှူး ဖြစ်လာခဲ့သည်။
ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ဘူးသီးတောင်နှင့် မောင်တောမြို့တို့ကို မီးလောင်တိုက်သွင်းရာတွင် အဓိက လုပ်ဆောင်ခဲ့သူဖြစ်ပြီး ဘူးသီးတောင်၊ မောင်တောဒေသမှ မွတ်ဆလင်များကို စည်းရုံး၍ လက်နက်တင်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းအပါအဝင် ရခိုင်တိုင်းရင်းသားတို့နှင့် မွတ်ဆလင်များအကြား လူမျိုးရေးပဋိပက္ခများကို ဖန်တီးကာ အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် ဦးဆောင်အမိန့်ပေးခဲ့သူလည်းဖြစ်သည်။
ဘူးသီးတောင်မြို့ကို AA က မသိမ်းပိုက်မီ AA ကို မုန်းတီးရေးအတွက် မွတ်ဆလင်များအကြား လူမျိုးရေး အမုန်းတရားလှုံ့ဆော်သည့် သပိတ်များကို ၎င်းက ဦးဆောင်ဖန်တီးခဲ့ပြီး ဘူးသီးတောင်မြို့ပေါ်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးရန် အဓိက စေခိုင်းခဲ့သူမှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းမှာလည်း စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်းဖြစ်ပြီး စစ်ပွဲကာလအတွင်း ရခိုင်တိုင်းရင်းသား အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲသတ်ဖြတ်ခြင်းများတွင် အဓိက ပါဝင်ခဲ့သူဖြစ်သည်။
ယင်းအပြင် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းမှာလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ်ဖြစ်၍ ပြည်သူကို ပစ်မှတ်ထားသော သတ်ဖြတ်မှုများ၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသူဖြစ်သည်။